ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ



MNP ၊ နိုဝင်ဘာ ၃၀ 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်သည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ရန်ပုံငွေစနစ် ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်၍ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆက်လက်ညှိနှိင်း ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဇယား၊ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။


ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၉၉/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲစည်းပေးခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကြမ်းကို ပိုမိုပြည့်စုံစေရန် စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေကြမ်းပြဋ္ဌာန်းပြီးပါက ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေရေးဆွဲရေး အကောင်အထည်ဖော်ရမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကိုလည်း သုံးသပ်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)