တောင်သမန် ဦးပိန်တံတား ကို အနားပေးဖို့ သင့်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သမန် ဦးပိန်တံတား ကို အနားပေးဖို့ သင့်ပြီ


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန် ဦးပိန်တံတားတွင် အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူများပြားမှုကြောင့် အခန်းအမှတ် ၃၃၉ နင့် ၃၄၀ နှစ်ခန်းမှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ကျိုးကျခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဉ်အတွင်းမှာ လူထိခိုက်သေဆုံးတာမျိုးတော့ မရှိခဲ့ပါဘူး။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြင်ဆင်မှုများကို အောက်တိုဘာ  ၃၀  ရက်မှ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ၃ရက်အတွင်း အပြီးပြင်ဆင်နေတယ်လို့ သိရပါတယ်။ ခေတ္တပိတ်ထားရာကနေ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုနေပြီလို့လည်း သိရပါတယ်။

ပြန်လည်ပြင်ဆင်မွမ်းမံသင့်တာကိုတော့ အလျင်အမြန် ပြန်လည် ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ တောင်သမန် ဦးပိန်တံတား ဆိုတာ မန္တလေးမြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်ပါတယ်။ မန္တလေးကို သွားရောက်လည်ပတ်ကြသူတိုင်း အရောက်သွားကြတဲ့ အထင်ကရ နေရာတစ်ခုပါ။

ဒီတံတားကြီးကို ပြင်ဆင်ဆောင်ရွက်ရာမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြင်ဆင်ဆောင်ရွက်နေတာကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုဆိုတာ ထင်ရှားနေပါတယ်။ တောင်သမန် ဦးပိန်တံတားပေါ်ကို နေ့စဉ်လာရောက်လည်ပတ်သူကလည်း သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။ အခါကြီး ရက်ကြီးများမှာဆိုရင် သိန်းနဲ့ချီ ရှိနိုင်ပါတယ်။ 

အခုလို သမိုင်းဝင် အမွေအနှစ်တစ်ခု ထင်မှတ်ထားတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရတာကတော့ အရုပ်ဆိုး အကျည်းတန်သွားပါတယ်။ ပုံမှန် ရက်များမှာ အသွားအလာနည်းပါးတဲ့အတွက် ကန့်သတ်ချက်မျိုး မထားရင်တောင် အခါကြီး ရက်ကြီးတွေမှာတော့ တံတားရဲ့ ခံနိုင်ဝန်နဲ့ ဖြတ်သန်းသွားလာခွင့် ကို အကန့်အသတ်အားဖြင့် ခွင့်ပြုပေးသင့်ပါတယ်။ တာဝန်ရှိသူများအနေဖြင့်လည်း မကြာခဏ စစ်ဆေးဆောင်ရွက်သင့်ပါတယ်။

မည်မျှပင် ခိုင်မာအောင် တည်ဆောက်ထားစေကာမူ ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသလို၊ ကြာလာသည်နှင့်အမျှ သမိုင်းတန်ဖိုးကလည်း မြင့်တာလာတာ ဖြစ်ပါတယ်။ တောင်သမန် ဦးပိန်တံတားကို အမရပူရခေတ်၊ ပုဂံမင်းလက်ထက် မြန်မာနှစ် ၁၂၁၁ ခုနှစ်က တံတားတည်ဆောက်ခဲ့ခြင်းဖြစ်ရာ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိပြီး တံတားအရှည်မှာ ၃၉၆၇ ပေရှိ၍ တံတားကြီးမှာ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ကာ တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သမိုင်းဆိုင်ရာ အချက်အလက်များအရ သိရပါတယ်။

ဆိုရပါမူ  နှစ်ပေါင်း ၁၇၀ ကျော်ကြာသည်အထိ တောင်သမန် ဦးပိန်တံတားကြီးက ပြည်သူများကို ကိုယ်စိတ်နှစ်ဖြာ လန်းဆန်းစေဖို့ ပျော်ရွှင်မှု ပေးခဲ့ပြီးဖြစ်ပါတယ်။ မည်သူ့ကိုမှ အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့် ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများကို အပန်းဖြေနိုင်စေရုံမျှသာမက နိုင်ငံခြားသားခရီးသွားများထံက နိုင်ငံခြားဝင်ငွေတွေလည်း ရှာပေးခဲ့ပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၇၀ ကျော်ကြာ သက်တမ်းရှိပြီ ဖြစ်တဲ့အတွက် တောင်သမန် ဦးပိန်တံတားကြီးကို အနားပေးဖို့ သက်သာခွင့်ပြုဖို့ သင့်ပြီလို့ ထင်ပါတယ်။ 

တောင်သမန် ဦးပိန်တံတားကြီးပေါ်က ဖြတ်သန်းသွားလာခွင့်ကို သတ်မှတ်ချက်နဲ့ ကန့်သတ်သင့်ပါတယ်။ ခံနိုင်ဝန်ကို မထိခိုက်စေဘဲ အချိန်တစ်ခု သတ်မှတ်ပြီး ကန့်သတ် လူဦးရေသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းမျိုး လုပ်ဆောင်သင့်ပါတယ်။ အခါကြီး ရက်ကြီးများမတိုင်မီ ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်ပြီး ဖြတ်သန်းသွားလာခွင့် မပြုသင့်တဲ့ အခြေအနေမျိုးဆိုရင်လည်း အမှတ်တရ ဓာတ်ပုံ ရိုက်ဖို့လောက်သာ ခွင့်ပြုပေးတာမျိုး ဆောင်ရွက်သင့်ပါတယ်။

တံတားပေါ်က ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ခြင်းအားဖြင့် တောင်သမန်အင်းထဲက အပျော်စီးလှေများလည်း ပိုပြီး အလုပ်ဖြစ်လာနိုင်ပါတယ်။ တံတားကြီးလည်း အနားရသလို ဒီနေရာမှာ အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသူတွေလည်း ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။

အောကျတိုဘာ ၂၉ ရကျက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေက ဦးပိန် အိုပြီဆိုတာကို အထင်အရှား ပြလိုက်တာပါပဲ။ လူတွေ အိုလာရင်လည်း မစွမ်းတော့သလို သစ်တွေအိုလာရင်လည်း ဆွေးမြေ့လာတာ ဖြစ်ပါတယ်။ ဦးပိန် ကတော့ သူအိုနေပြီ။ သူ့ကို အနည်းငယ် ညှာတာကြပါလို့ သတိပေးလိုက်သလိုပါပဲ။ သမိုင်းတန်ဖိုးကို အလေးထားတယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားကလည်း တောင်တမန် ဦးပိန်တံတားကြီး အိုမင်းလာပြီဆိုတာကို သိရမယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့ ကိုယ့်အဖိုးအဖွားကို စောင့်ရှောက်သလို ဦးပိန် တံတားကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက် ကြရမယ်။ တောင်သမန် ဦးပိန်တံတားဟာ နှစ်ပေါင်း ၁၇၀ ကျော်ကြာ မန္တလေးမြို့ကြီးရဲ့ အထင်ကရ အနေနဲ့ အလုပ်အကျွေးပြုခဲ့ပြီးပြီပဲ။ သူ့ကို ပြခန်းထဲမှာ ထားဖို့ သင့်ပြီ။ သမိုင်းတန်ဖိုးကြီးမားတဲ့ အရာတစ်ခု အထင်ကရ ပြယုဂ်တစ်ခုအနေနဲ့ တောင်တမန် ဦးပိန်တံတားကြီးကို အနားယူခွင့် ပေးလိုက်ပါတော့ . . . . .


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)