MNP ၊ နိုဝင်ဘာ ၅
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ယမန်နေ့က ကျင်းပသည့် ညီလာခံဒုတိယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် သွားဘက်ဆိုင်ရာဆေးပညာရှင်များ၏ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်အားပေးပြီး သဘာပတိနှင့် ဆွေးနွေးဟောပြောသူများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာရွှေတိုး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာကျော်သီဟနှင့် ထိုင်းနိုင်ငံ Faculty of Dentistry, Khon Kaen University မှ Dean Professor Ajira-vudh Subarnbhesajတို့အကြား ဆေးလက်တွေ့အသိပညာဖလှယ်ရေး၊ သင်ကြားရေးနှင့် သွားနှင့် ခံတွင်းဆေးပညာသုတေသနလုပ်ငန်းများကို ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ထို့ပြင် ညီလာခံဒုတိယနေ့၌ ကိုရီးယားသမ္မတနိုင်ငံမှ Korea University Medicine မှ ပါမောက္ခများ က သွားမြစ်တုအစားထိုးကုသမှုများကိုလည်းကောင်း၊ ဂျပန်နိုင်ငံ Japan Heart Foundation မှ ပါမောက္ခက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းအကြောင်းနှင့် မလေးရှားနိုင်ငံ International Medical University မှ သွားနှင့် ခံတွင်းခွဲစိတ်ဆရာဝန်က မျက်နှာ၊ မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုသမှု များအကြောင်းတို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့အတူ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုးနှင့် အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမျိုးဝင်းတို့က သွားနှင့် ခံတွင်းဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့်ပတ်သက်၍ လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခ ဒေါက်တာအောင်သူဟိန်း၊ ပါမောက္ခ ဒေါက်တာဇော်မိုးဟိန်း၊ ပါမောက္ခဒေါက်တာ အောင်သိန်းထွန်း၊ ပါမောက္ခ ဒေါက်တာ ကျော်တင့်၊ ပါမောက္ခ ဒေါက်တာကိုကိုစိုး၊ ပါမောက္ခ ဒေါက်တာ အောင်ဝင်းနှင့်ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခ ဒေါက်တာလှမျိုးနိုင်တို့က မေးရိုးနှင့် သွားနှင့် ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေးဟောပြောမှုများကိုဆောင်ရွက်ကြသည်။
ညီလာခံပထမနေ့ မွန်းလွဲပိုင်းကလည်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကုသရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine တို့အကြား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine မှ Director Professor Kim Deok-Woo တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ညီလာခံပထမနေ့၌ ပြည်ပပညာရှင်များဖြစ်ကြသော ထိုင်းနိုင်ငံ Khon Kaen University မှ ပါမောက္ခများက မေးရိုးခံတွင်းကင်ဆာနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးသွားများတွင် ဖြစ်တတ်သော မာကျောမှုအဆင့်မမီခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ Mahidol University မှ ပါမောက္ခက မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုနှင့် ဆန်းသစ်တီထွင်မှုများအကြောင်းနှင့် Chulalongkorn University မှ ပါမောက္ခက ခံတွင်းအတွင်းရှိ အဏုဇီဝပိုးမွှားများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အတူ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဇော်ဝင်းထွန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ ဒေါက်တာထွန်းငွေတို့က မေးရိုးနှင့် သွားနှင့်ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေးဟောပြောမှုများကို ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံကို “အရည်အသွေးပြည့်..သွားကျန်းမာရေး ပြည်သူ့ ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ညီလာခံဒုတိယနေ့ အစီအစဉ်များတွင် စာတမ်း ဖတ်ပွဲ (parallel session) ၂၅ ခု ပါဝင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment