MNP ၊ နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်း ကျောင်းအား ကျောင်းစောင့်လုပ်ကိုင်သူမှ မိုင်းထောင်ဖောက်ခွဲရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီ ၅၀ မိနစ်တွင် ရေးမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းအတွင်းရှိ (၄)ခန်းတွဲနှစ်ထပ် စာသင် ကျောင်းဆောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ မီးလောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ပေါက်ကွဲမီးလောင်မှုကြောင့် အဆိုပါစာသင်ဆောင်ဒုတိယ ထပ်ရှိ ရေသန့်စက်နှင့် အမိုးမျက်နှာကျက်တို့ အနည်းငယ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေသန့်စက် အနီး၌ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဇင်မင်းလတ် (၃၆)နှစ်အား ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ဝဲ/ယာလက်မောင်း၊ ဝဲပေါင်၊ ယာခြေသလုံး ပြတ်သည့်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ဝမ်းဗိုက် အောက်မှ မပေါက်ကွဲသေးသည့် လက်လုပ်ရီမုမိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
ထိုသို့ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းဆောင်ပေါ်၌ လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် ဇင်မင်းလတ်၏ အလောင်းအား ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ၎င်းနှင့်ပူးပေါင်းပါဝင်ပတ်သက်သူများအား စုံစမ်း ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment