တန့်ဆည်မြို့နယ်နှင့် အကြမ်းဖက်လှုပ်ရှားမှုအကြောင်း တစေ့တစောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်နှင့် အကြမ်းဖက်လှုပ်ရှားမှုအကြောင်း တစေ့တစောင်း


ဒီနေ့ကို မှတ်မှတ်ရရ မှတ်တမ်းတင်ရမှာပေါ့ဗျာ။ (၂၉-၁၁-၂၀၂၃) ရက်နေ့ တန့်ဆည်မြို့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်တိုက်ခိုက်ခဲ့သော KIA/PDF အကြမ်းဖက်သမားများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီရက် ကို မှတ်တမ်းတင်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စီမံကွပ်ကဲသူ အရာရှိများနှင့်တကွ တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အားလုံး ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းကြောင့် အောင်မြင်မှုရတယ်လို့ပဲ မှတ်ယူပါတယ်။ 

အဓိက ပြောချင်တဲ့ အကြောင်းအရာကတော့ ပြည်သူလူထုပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာနယ်မြေများမှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုလားတဲ့သူက အင်မတန်နည်းပါတယ်။ ကန့်ဘလူမြို့နယ်မှာ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိခြင်းဟာလည်း အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကယ်တင်စောင့်ရှောက်ခဲ့တဲ့ ဆရာတော်ဦးဝါသဝ ရဲ့ ကြားခံ ဆောင်ရွက်မှုကြောင့်သာ အထိုက်အလျှောက်အောင်မြင်မှု ရတာဖြစ်ပါတယ်။ ဘာကြောင့် တခြားနယ်တွေမှာ အဲဒီလို ပူပေါင်းဆောင်ရွက်မှု အားမကောင်းရတာလဲဆိုတာကို အဖြေထုတ်ကြည့်ရင် ရာထူးအာဏာ လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များရဲ့ မာန်၊ မာနများကြောင့် ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် အာဏာကို ရိုးသားစွာ အသုံးမချလိုဘဲ ဦးစိုးထွဋ် တို့ရဲ့ လမ်းစဉ်နောက်ကို လိုက်လိုတဲ့ ပုဂ္ဂိုလ်များ ဖြစ်နေခြင်းကြောင့်လည်း ပြည်သူလူထုနဲ့ နီးကပ်မှု မရှိပါဘူး။

တန့်ဆည်မြို့နယ်ဟာ အကြမ်းဖက်လှုပ်ရှားမှု စတင်ပါပြီဆိုကတည်းက KIA ထံမှာ အကြမ်းဖက်သင်တန်းသွားတက်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို အစောဆုံး စတင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာဆိုရင် နီပိန်းများက အကြမ်းဖက်သမားများဖြစ်လာပြီး USDP ကို ထောက်ခံအားပေး ဝန်းရံခဲ့သူများဟာ နီပိန်းအကြမ်းဖက်သမားများရဲ့ ပစ်မှတ်ဖြစ်ခဲ့ရပါတယ်။ ကိုယ့်ရွာသားအချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ အခုထိလည်း အဲဒီရွာတွေမှာ ပဒက်က ခြေကုပ်ယူထားတုန်းပဲ ဖြစ်ပါတယ်။ 

တန့်ဆည်မြို့နယ်အတွင်းက ပုတီး၊ ဆည်းဆာ ဆိုတဲ့ ရွာတွေဟာ ပဒက်လွှမ်းမိုးထားတဲ့ ရွာတွေပဲ ဖြစ်ပါတယ်။ ပဒက်အဖွဲ့များကို ဦးဆောင်တဲ့ နီပိန်းကြီးများဟာ တရားမဝင် လုပ်ငန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို သိတယ်။ တန့်ဆည်မြို့နဲ့ ကပ်လျက် ကျွန်းလှမြို့နယ်အတွင်းမှာ ရွှေရှိတယ်၊ ရေနံရှိတယ်။ ကျွန်းလှက ပဒက်ခေါင်းဆောင် ရှေ့နေတစ်ယောက်ဆိုရင် သူ့ကို ၅၀၅-က ဖွင့်ထားတဲ့ အမှုကို ပိတ်ပေးဖို့ တပ်မတော်အရာရှိကို ရဲစခန်းမှူးကနေတစ်ဆင့် သိန်း(၁၀၀၀) ပေးမယ် အမှုပိတ်ပေးဖို့ လာညှိနှိုင်းခဲ့တယ်။ အဲဒီ တပ်မတော်အရာရှိက ဦးစိုးထွဋ် တို့ လမ်းစဉ်နောက်ကို မလိုက်လိုတဲ့ အရာရှိဆိုတော့ အမှုပိတ်မပေးခဲ့ဘူး။ ပဒက်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။

အဲဒီ ကျွန်းလှပဒက်ခေါင်းဆောင် ရှေ့နေက ငွေကို ဘယ်လို ရသလဲ။ သဖန်းဆိပ်ဆည်ထဲက ရွှေမျောတွေဆီကနေ ဆက်ကြေးကောက်ပြီး ငွေရနေတာ။ အလကားရတဲ့ ငွေနဲ့ အမှုလာပိတ်ခိုင်းတာ။

ထိုနည်းတူစွာပါပဲ တန့်ဆည်ပဒက်ခေါင်းဆောင်များဟာလည်း အဲဒီလို တရားမဝင် လုပ်ငန်းတွေအပေါ်မှာ လက်နက်နဲ့ သွားရောက်ခြိမ်းခြောက်ပြီး ငွေရှာနေတာ ဖြစ်ပါတယ်။ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျောတွေဆီက လစဉ် သိန်းပေါင်း ထောင်ချီရသလို ကျွန်းလှမြို့နယ်ထဲက ရေနံတွင်းတွေမှာလည်း ပဒက်တွေပဲ ဆက်ကြေးကောက်ယူနေကြတာ ဖြစ်ပါတယ်။ ကောလင်း ကို KIA/PDF က အဓိက ပစ်မှတ်ထားတယ်ဆိုတာလည်း အဲဒီကိစ္စတွေ ပါဝင်နေပါတယ်။ ရေနံခိုးထုတ်ရာမှာ ကျွန်းလှ၊ ကန့်ဘလူဘက်က ခိုးထုတ်ရင် မကြာခဏ အဖမ်းခံရတယ်။ ကောလင်း၊ ဝန်းသို ဘက်ကနေ ပတ်ပြီးခိုးထုတ်တယ်။ တန့်ဆည်နယ်ထဲက ဆည်းဆာရွာက ပဒက်ခေါင်းဆောင်ဟာ ရေနံတွင်းကို ကိုယ်တိုင်လည်း လုပ်တယ်။ ကိုယ်တိုင်လည်း ရေနံချက်တယ်။ 

အဲဒီလို တရားမဝင် အလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ဆိုတာ မလွယ်ဘူးနော်။ ပဒက်ခေါင်းဆောင်တွေက လုပ်နိုင်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။

တန့်ဆည်မြို့နယ်ထဲက ကျွန်းလည်၊ ကဘဲ အစရှိတဲ့ ရွာတွေမှာ KIA/PDF တွေရဲ့ ဆိုးရွားရက်စက်ယုတ်မာလွန်းတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ခံခဲ့ရပြီး ဆရာတော်ဦးဝါသဝ ထံ ရှောင်နေရင်းက ပြည်သူ့စစ်ဖွဲ့နိုင်ခဲ့တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာပြီး ကာကွယ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့တယ်။ တန့်ဆည်မြောက်ခြမ်းကို ဆရာတော် ခြေမဆန့်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရင် မကောင်းလို့ မပြောတော့ပါဘူး။ 

ကန့်ဘလူ၊ တန့်ဆည် ကို ဒီကာလအတွင်းမှာ ပြည်ပက မိတ်ဆွေတွေလာလို့ သွားကြည့်ချင်တယ်ဆိုလို့ တခေါက် ရောက်ခဲ့တယ်ပေါ့။ မြင်ရတဲ့ မြင်ကွင်းကို မှတ်ချက်ပြုတဲ့အခါကြတော့ ငါတို့ တိုင်းပြည်ဟာ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေ ဆိုးသွမ်းခဲ့တဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယားတို့လို ဖြစ်နေပါပေါ့လားလို့ မှတ်ချက်ချမိတယ်။ ကျွန်တော်တို့ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် ညီအစ်ကိုများက လာကြိုတယ်။ သူတို့မှာ စိုးရိမ်သောက ရှိတယ်။ ကျွန်တော်တို့က ဖြစ်ချင်ရာဖြစ်လို့ ဆုံးဖြတ်ပြီး သွားတဲ့သူတွေ။ ရွှေဘိုထိပ်ကို လာကြိုတယ်။ ခင်ဦးမြို့နယ်အတွင်းမှာ ပဒက်တွေ မီးရှို့ဖျက်ဆီးထားတာတွေ မြင်ရတယ်။ 

ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်ပြီး ကင်းစောင့်နေကြရပြီ။ ဆရာတော်နဲ့အတူ တန့်ဆည်မြို့နယ်ထဲကို သွားတဲ့အခါ ရှေ့ကနေ ပြည်သူ့စစ်ညီအစ်ကိုများက ဆိုင်ကယ်နဲ့ ၅ယောက်လောက် ရှေ့ပြေးထွက်ရတယ်။ နောက်ကနေလည်း လက်နက်ကိုယ်စီကိုင်ပြီး ဆရာတော်လုံခြုံရေးအတွက် လိုက်ရတယ်။ 

အဲဒီကနေ ပြန်လာပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ညီအစ်ကိုများထံက ကြားသိရတဲ့ သတင်းစကားများကို အခြေခံပြီး ကျွန်းလှမြို့နယ်အတွင်းက ရေနံတွင်းတွေမှာ KIA/PDF ဆက်ကြေးကောက်နေပါတယ်။ ရှင်းပေးဖို့ကို အော်ခဲ့တယ်။ သဖမ်းဆိပ်ဆည်အတွင်းက တရားမဝင်ရွှေမျောတွေကနေ KIA/PDF ဆက်ကြေးကောက်ယူနေပါတယ်။ အကြိမ်ကြိမ် အခါခါ အော်ခဲ့တယ်။ မကောင်းတတ်လို့လားတော့ မပြောတတ်ပါဘူး။ သဖန်းဆိပ်ဆည်အတွင်းက တရားမဝင် ရွှေမျောတချို့ကို ရှင်းခဲ့တယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ညီအစ်ကိုများနဲ့ အဆက်အသွယ်မပြတ် ရှိပါတယ်။ ရှင်းလင်းနိုင်ခဲ့တာ ဆယ်ပုံတစ်ပုံပဲ ရှိပါတယ်။ ဖောင်မျှောပြီး ပြေးတာမျိုးကိုတောင် လိုက်မရှင်းနိုင်ခဲ့ပါဘူး။

တကယ်တော့ ကျွန်တော်တို့တွေလုပ်နေရတဲ့ ပုံစံဟာ လူတွင်ကျယ်၊ လူရမ်းကားလိုများ ဖြစ်နေလားလို့တောင် တွေးမိပါတယ်။ အဲဒီလိုတွေ KIA/PDF က လုပ်နေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေ မသိဘူးလား။ သိတာပေါ့။ ဘာတစ်ခွန်းဟလဲလို့ မေးရင် ဘာတစ်ခွန်းမှ မဟဘူး။ သတင်းထုတ်ပြန်ဖို့ ဆိုတာ ဝေလာဝေးပေါ့။

ပြောပြန်တော့လည်း ပြောတိုင်း မကောင်းဘူးပေါ့ဗျာ။ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်တွေမှာပေါ့ဗျာ။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ပဒက်ကို စစ်ဆေးတွေ့ရှိလို့ ဖမ်းတဲ့အခါ ရဲက ပြဿနာရှာတာမျိုးတွေ အထိ ရှိခဲ့ဖူးတယ်။ ဒါက ဆက်စပ်မိအောင် ကျွန်တော် တင်ပြတာပါ။ နိုင်ငံတော်အကြီးအကဲများက ပြည်သူပူးပေါင်းဆောင်ရွက်ပါလို့ ပြောတဲ့ ပြောဆိုချက်နဲ့ ဒေသအာဏာပိုင်တွေမှာ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူများအပေါ် ထားရှိတဲ့ သဘောထား ချိန်ဆနိုင်အောင်လို့ပါ။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်ချက်ကို မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်ရှိတဲ့အတွက် အဆင်ပြေတယ်။ ချောမွေ့တယ်။ တခြားသော ပဒက်တွေ ဆိုးဆိုးရွားရွားသောင်းကျန်းနေတဲ့ မြို့နယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နေကြတဲ့ ပြည်သူတွေ ရှိပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ပံ့ပိုးမှုက ဗလာနတ္ထိ။ ယှဉ်ပစ်ရင်း ကျည်ကုန်လို့ သေဆုံးရတဲ့ အဖြစ်မျိုးတွေတောင် ရှိတယ်။ အခု အရာတော်နယ် အသံမထွက်တာ တော်တော်ကြာပြီနော်။ ပဒက်မရှိလို့ မဟုတ်ဘူး။ ပဒက်က ကျေးရွာအားလုံးနီးပါးကို သိမ်းပိုက်ထားတာ။ ပဒက်ကို မထောက်ခံတဲ့သူ နေလို့ကို မရတော့တာ။ ပြေးကုန်းကြရတာ။ ဒါဆို ဘာလို့ အသံမထွက်လဲ။ အရာတော် ဖရဲသီးက အကြီးကြီး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း သိတယ်။ မပြောရဲကြဘူး။ သူများပါးစပ်နဲ့ အငှားပြောစေချင်ကြတာ။ ကျွန်တော်လည်း သိတယ်။ မပြောရဲဘူး။ ပဒက်နှိမ်နင်းရေး စစ်ကြောင်းထွက်မယ်ဆိုတာနဲ့ ပဒက်တွေဆီ သတင်းက ရောက်သွားပြီ။ သွားတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရမယ်။ ချောင်းပစ်ခံရမယ်။ ဒီလိုနဲ့ပဲ အထိနာနေတာ။ အဲဒီအရာတော်မြို့နယ်မှာ ဖြစ်နေတဲ့ အခြေအနေကို ပြောလိုက်မယ်ဗျာ။ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပြည်သူကို စစ်သွေးကြွလို့ ပြောတာ အဲဒီမြို့နယ်က တာဝန်ရှိသူတွေပဲဗျာ။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်လို့ မရတဲ့အဆုံး ရှိသမျှ အိုးအိမ်၊ လယ်မြေ အကုန်ပစ်ပြီး ထွက်ပြေးခဲ့ရတဲ့ ဘဝကို ရောက်တယ်။

ဒါတွေကို အခုလို တင်ပြခြင်းဟာ ကျွန်တော်ရေးသားတင်ပြချက်အပေါ် ဘယ်သူမှ အရေးတယူမလုပ်ဘူးဆိုတာကိုလည်း သိတယ်။ နေသာသလို နေပြီး၊ လုပ်ချင်တာလောက်ပဲ လုပ်နေကြတာ ဖြစ်တဲ့အတွက် မထိရောက်ဘူးဆိုတာလည်း သိတယ်။ 

သို့ပေသော် နိုင်ငံတော်အကြီးအကဲများက တပ်မတော်နဲ့ ပြည်သူ တသားဖြစ်စေချင်တဲ့ သဘောမျိုးရှိလိမ့်မယ်လို့ ထင်တယ်။ မြေပြင်မှာ အဲဒီလို အဆင်မပြေမှုလေးတွေ ရှိတယ်။ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများသာမက တပ်မတော်သား မိသားစုဝင်များလည်း ပဒက်တွေရဲ့ ရက်စက်ယုတ်မာတဲ့ ဒဏ်တွေကို ခံခဲ့ရတာတွေ ရှိတယ်။

ဒီအချိန်မှာ ရိုးရိုးသားသားနဲ့ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို နိုင်ငံတော်အကြီးအကဲများရဲ့ မူဝါဒအတိုင်း ပြည်သူနဲ့ နီးနီးကပ်ကပ် လက်တွဲပြီး ဆောင်ရွက်သွားရင်ဖြင့် ယနေ့ တန့်ဆည်မှာ အောင်မြင်မှုရသလို အကြမ်းဖက်သောင်းကျန်းသူတွေကို နှိမ်နင်းနိုင်မယ်။ ဒေသတည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မယ် မဟုတ်ပါလား။

ရှေ့မှာဖြစ်ခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ကြည့်ရင်လည်း လုံခြုံရေးတပ်စခန်းတွေကို KIA/PDF အကြမ်းဖက်သမားများက သာလွန်အင်အားနဲ့ ဝင်စီးတယ်။ ပစ်ခတ်တယ်။ ရဲစခန်းတွေ မီးရှို့ခံခဲ့ရတဲ့ အဖြစ်မျိုးတွေတောင် ရှိတယ်။ အဲဒီလိုတွေ ဖြစ်ခဲ့တာ ဘာကြောင့်လဲ။ နယ်မြေခံ ရဲစခန်းက စစ်ကူ၊ ပစ်ကူလိုလို့ တောင်းခံရင် အထက်အရာရှိများက အလေးမထားဘူး။ စစ်ကူ ပစ်ကူ မလာဘူး။ အဲဒီလို အခြေအနေတွေကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်များစွာ ရှိပါတယ်။ ကျွန်တော်တို့က စစ်ရေးနဲ့ ပတ်သက်လို့ ဘယ်နားလည်ပါ့မလဲ။ မြေပြင်အခြေအနေမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲကိုသာ အခြေခံပြီး ရေးသားတင်ပြခြင်းမျိုး ဖြစ်ပါတယ်။ ရာထူးအာဏာရှိသူဆိုရင် ကျွန်တော်တို့က အလွန်ကြောက်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်တာမျိုးကို မကြောက်ပါဘူး။ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ဒုက္ခပေးတတ်တဲ့ ပညာကို သူတို့တွေ ကောင်းကောင်းကြီး တတ်ထားမှန်းသိလို့ ကြောက်တာပါ။ NLD အစိုးရလက်ထက်မှာလည်း ခံခဲ့ဖူးပြီဆိုတော့ သဘောသဘာဝကို သိတယ်။ တတ်နိုင်သမျှ ရှောင်တယ်။ မလွဲသာ မရှောင်သာ ထိတွေ့ရမယ့် ကိစ္စလောက်ပဲ ထိတွေ့ပါတယ်။

အခုလို ရပ်တည်ပြောဆိုခြင်းဟာလည်း တည်ငြိမ်အေးချမ်းစေလိုခြင်းက လွဲပြီး တခြားမရှိပါဘူး။ တိုင်းပြည်မှာ NLD အာဏာရရင် NLD ရဲ့ ဘက်တော်သားတွေ လုပ်စားမယ်။ တခြားတဘက်က အာဏာရရင် တခြားတဘက်ရဲ့ ဘက်တော်သားတွေ အခွင့်အရေးရမယ်။ လုပ်စားကြမယ်။ မနေတတ် မထိုင်တတ် ကြားချောင်တွေ လူမုန်းများမယ်။

မည်သို့ပင်ဆိုစေ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုဆောင်ရွက်နေသူများ ဘေးမသီရန်မခ အောင်မြင်မှုရတယ်ဆိုရင် ပီတိဖြစ်တာပါပဲ။ တကယ်ကို ပီတိဖြစ်ရပါတယ်။ နေ့စဉ်နေ့တိုင်းလည်း အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို မေတ္တာပို့သလျက်ပါ။ လုပ်စားနေသူများ မပါပေါ့ဗျာ။  

ဒီအချိန်မှာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများအတွက် တပ်မတော်သည်သာ အားကိုးရာ။ တပ်မတော်က ရှင်းမှ အကြမ်းဖက်အန္တရာယ် ကင်းမယ်။ တပ်မတော်က မရှင်းရင် အကြမ်းဖက်သမားများ မင်းမူစိုးမိုးနေမှာပဲ ဖြစ်ပါတယ်။ မသိကျိုးကျွန်ပြုပြီး သည်းခံခွင့်လွှတ်ပေးထားတဲ့ကာလ ပြည်သူလူထု ဘယ်လောက်အထိ အတိဒုက္ခရောက်ရလဲ၊ တိုင်းပြည်မှာ ဘယ်လောက်အထိ နစ်နာဆုံးရှုံးခဲ့ရပြီလဲ ပြန်ပြီး တွက်ဆကြည့်လိုက်ပေါ့။ တန့်ဆည်မြို့နယ် အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေဖို့ အင်အားအလုံးရင်းနဲ့ တိုက်ခိုက် သိမ်းပိုက်မယ်လို့ ကြုံးဝါးထားတဲ့ KIA/PDF တွေကို ဟန်ချက်ညီညီ နှိမ်နင်းတဲ့အခါကြတော့ အောင်ပွဲ ရခဲ့တယ် မဟုတ်ပါလား။ ဒီပုံစံအတိုင်းသာ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မယ်ဆိုရင် စိတ်ဆင်းရဲ ဝမ်းနည်း စိတ်သောက ရောက်စရာတွေ မရှိတော့ဘူးပေါ့ဗျာ။ တိုင်းပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းသွားလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့သာပေါ့။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)