MNP ၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ ည ထိတွေ့ဖြစ်စဉ်များ၊ သတင်းမှားထုတ်လွှင့်နေမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုရာတွင် အရပ်ဘက်အဆောက်အအုံ တစ်ခုလို့သတ်မှတ်ထားတဲ့ နေရာက ပစ်ခတ်လာရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံ အဖြစ်ပြောင်းလဲသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်။ တပ်ဘက်ကနေ ဘယ်လောက်ကျဆုံးတယ်ဆိုတာမျိုးတွေ ထုတ်လွှင့်နေတာရှိ ပါတယ်။ အာ့သတင်းထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးဘဲဖြစ်ပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဘယ်လောက်အထိ KIA PDF အဖွဲ့များသေဆုံး ဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့အသိဆုံးပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်မဲမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ TolL Gate အနီးတစ်ဝိုက်မှာ ထိတွေ့ တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အာ့မှာတော့ TNLA MNDAA ပူးပေါင်းအဖွဲ့က ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ ဒေသခံတွေအနေနဲ့ အဲဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကို ပြန်လာတဲ့အခါမှာ အပုပ်နံ့တွေရလို့ လိုက်လံရှာဖွေတဲ့အခါမှာ တရုတ်သင်္ချိုင်း အနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်များစွာ တွေ့ရှိခဲ့ရပါတယ်။ မြို့နယ်လူထုနဲ့ လုံခြုံရေး တပ်ဖွဲ့များပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်း လမ်းမှာလည်း ဒီအတိုင်းပစ်ချခဲ့တဲ့ အခုနအဖွဲ့တွေရဲ့ ယူနီဖောင်းပါတဲ့ အလောင်း တွေတွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းလင်းရေးဆောင်ရွက်နေ ပါတယ်။ ဒါနဲ့ပတ်သက်ပြီးပြောချင်တာကတော့ ပြည်ပမှာ နေထိုင်နေတဲ့ တိုင်းဖျက် ပြည်ဖျက်ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီးအသံ ကောင်းဟစ် နေတဲ့ တိုင်းဖျက် ပြည်ဖျက်အနောက်အားကိုး မီဒီယာများရဲ့မြှောက်ပင့်မှု၊ ကောလဟလတွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သေဆုံးရတဲ့သူ မနည်းပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါဘဲ။ ဒီသေဆုံးရတဲ့သူတွေဟာ မြန်မာနိုင်ငံသား တွေဘဲဖြစ်ပါတယ်။ တပ်မတော်ဘက်ကဘဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်က သေဆုံးသည်ဖြစ်စေ။ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။" ဟု ပြောဆိုသည်။
ဆက်လက်၍ "ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင်း ပြည်တွင်းသောင်းကျန်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာ လည်း ဒီဝဲဂယက်ထဲမှာဘဲ ရှိနေတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ယခင်ကတည်းက ကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေက ဦးစီးပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း သူတို့ဘဲဦးစီး ပြီးလုပ်ဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူ လူထုတစ်ရပ်လုံးက သတိရှိရမှာဖြစ်ပါတယ်။" ဟု ပြောဆိုသွားသည်။
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနေနဲ့ကတော့ နန့်ခမ်း၊ ၁၀၅ မိုင် မူဆယ်၊ တာမိုးညှဲဘက်မှာတော့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း။ တာမိုးညှဲနဲ့နန့်ခမ်းမှာတော့ ရန်သူထိခိုက်ကျဆုံးမှု များပြားတယ်ဆို တာသိရပါကြောင်း၊ ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော် က အထကကျောင်းအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ဘက်မှာတော့ ပေါက်တော အထက်တန်းကျောင်းနားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း၊ ဒီရန်သူအနေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကိုပစ်ခတ်တယ်၊ ဆေးရုံကို ပစ်ခတ်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေဖန်တီးပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "စစ်ရေးဆိုင်ရာ အခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံ တစ်ခုလို့သတ်မှတ်ထားတဲ့ နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ်မပစ်မခတ်မခြင်း အရပ်ဘက်အဆောက်အအုံပါဘဲ။ ရန်သူကကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အအုံ အဖြစ်ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။" ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment