MNP ၊ နိုင်ဝင်ဘာ ၈
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများအပ်နှင်းခြင်း၊ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အတွက် ကျရာအခန်းကဏ္ဍတွင် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်ခဲ့ကြသည့် လူငယ်မောင်မယ်များကို (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ပေးခြင်းအားဖြင့် ကာယကံရှင်များကိုယ်တိုင် ဂုဏ်ယူနိုင်စေရန်နှင့် တခြားသောသူများ၏ လေးစားအားကျ အတုယူနိုင်စေရန် ချီးမြှင့်ခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်များကိုလည်း မြှင့်တင်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် လူငယ်မောင်မယ်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးလည်း မိမိတို့ပြည်နယ်အတွက် ကျရာအခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ရရှိသူများအားလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်၊ တတိယအဆင့်)၊ စက်မှုနှင့်နည်းပညာ သုတေသနဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်)၊ လူမှုဆိုင်ရာထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ပြည်နယ် ဂုဏ်ဆောင် ထူးချွန်သူများအား ဆက်လက်ချီးမြှင့်ရာ ထူးချွန်သူများက ဆုများအသီးသီးလက်ခံရယူပြီးနောက် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းခံရသူများနှင့် စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
ကရင်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်အပ်နှင်းခြင်း၊ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းတွင် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရရှိသူ (၃၅)ဦး၊ ဒုတိယအဆင့်ရရှိသူ (၁)ဦး၊ တတိယအဆင့်ရရှိသူ(၆)ဦး၊ စက်မှုနှင့်နည်းပညာသုတေသနဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်)ရရှိသူ(၁)ဦး၊ လူမှုဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရရှိသူ(၃)ဦး၊ ဒုတိယအဆင့်ရရှိသူ (၂)ဦး၊ တတိယအဆင့်ရရှိသူ(၂၄)ဦး၊ တခြားပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုရရှိသူ (၁၄၆)ဦး၊ ထူးချွန်ဆုရရှိသူ (၂၁၈)ဦးအတွက် စုစုပေါင်းငွေကျပ် ၅၄၄ သိန်းကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ညပိုင်းတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ တတိယနေ့အဖြစ် ယှဉ်ပြိုင်နေမှုတို့က သွားရောက်ကြည့်ရှုပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment