MNP ၊ နိုဝင်ဘာ ၆
ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ မြိတ်- ရန်ကုန် အမြန်ရေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ယခုလက်ရှိတွင် လေယာဉ်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာခြင်းတိုကြောင့် အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွေးနွေးညှိနှိင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“အမြန်ရေယာဉ်ကို မြိတ်ကနေ နံနက် ၆ နာရီထွက်ခွာရင် ရန်ကုန်ကို ညနေ ၅ နာရီ ရောက်ပါလိမ့်မယ်။ နေ့ချင်းရောက်ခရီးစဉ်တစ်ခုပါ၊ ရန်ကုန်ကနေ နောက်တစ်နေ့ ပြန်လည်ထွက်ခွာရင် မြိတ်ကို ညနေပိုင်းရောက်ပါလိမ့်မယ်။ အမြန်ရေယာဉ်မှာ အနည်းဆုံး ခရီးသည် ၃၀၀ လိုက်ပါရင်တောင် ကျွန်တော်တို့အတွက် အကျိုးအမြတ် အင်မတန်နည်းပါးပါတယ်။ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ဝန်ထမ်းစရိတ်တွေ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို အကျိုးအမြတ်ထက် ခရီးသည်တွေအဆင်ပြေစေဖို ရည်ရွယ်တာပါ” ဟု ဦးဇော်ထွန်းမှ ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲပါက ကြာချိန် ၁၁ နာရီကျော် ရှိမည်ဖြစ်ပြီး နေ့ချင်းရောက် ခရီးစဉ်တစ်ခုဖြစ်သောကြောင့် ခရီးသွားပြည်သူများအတွက် အဆင်ပြေ လုံခြုံစိတ်အေးချမ်းသာစွာ သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
“လက်ရှိ လောင်စာဆီဈေးနှုန်းတွေ၊ ခရီးသည်တွေ ဘယ်လောက်ရမယ်ဆိုတာတွေ၊ ခရီးသွားတွေအတွက် လုံခြုံမှုအပိုင်းတွေကို ကျွန်တော်တို ထည့်သွင်းစဉ်းစားနေပါတယ်။ အကျိုးအမြတ်ကျန်တာထက် ခရီးသွားတွေအဆင်ပြေစေဖို့ အဓိကရည်ရွယ်ပြီး ဆောင်ရွက်ပေးဖို့ပါ၊ လက်ရှိ လောင်စာဆီဈေးနှုန်းတွေအရ မြိတ်မြို့ကနေ ရန်ကုန်မြိုကို ပြေးဆွဲမယ်ဆိုရင် ခရီးသည်တစ်ဦးကို ကျပ် ၂ သိန်းဝန်းကျင်လောက် ကျသင့်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်းဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးထားပါတယ်။ မကြာခင်ပြေးဆွဲဖို စီစဉ်နေပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုလက်ရှိအနေထားတွင် ရန်ကုန်-မြိတ် လေယာဉ်ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူရာတွင် ရက်ပေါင်း ၂၀ အထိ လက်မှတ်များ ရောင်းကုန်နေလေ့ရှိပြီး ခရီးသွားပြည်သူများအတွက် အခက်အခဲတစ်ခုဖြစ်နေကြောင်း သိရသည်။
“လေကြောင်းလိုင်းကနေ ခရီးသွားတွေများတဲ့အတွက် လက်မှတ်ဝယ်ယူရတာ အတော်ခက်ခဲပါတယ်။ မြိတ်-ရန်ကုန် ခရီးစဉ်က ရက် ၂၀ လောက် ကြိုတင်ဝယ်ယူပါမှ လက်မှတ်ရတာပါ။ လက်မှတ်ဈေးနှုန်းတွေကလည်း အရမ်းများလာတဲ့အတွက် အခြေခံလူတန်းစားတွေ အဆင်မပြေတော့ဘူး။ ကားလမ်းခရီးတွေကလည်း မလုံခြုံတော့ မသွားရဲမလာရဲဖြစ်နေကြတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ကော့သောင်း-မြိတ် ခရီးစဉ်ဆိုရင် တစ်ပတ်မှတစ်ကြိမ်သာ ရှိပါတယ်။ အမြန်ရေယာဉ်ပြေးဆွဲမယ်ဆိုရင် နေ့ချင်းရောက် ခရီးစဉ်ဖြစ်တဲ့အတွက် အဆင်ပြေပါလိမ့်မယ်”ဟု မြိတ်မြိုမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပြေးဆွဲခဲ့ပြီး ပြန်လည်ရပ်နားခဲ့ကာ ယခု ပွင့်လင်းရာသီတွင် ခရီးသည်တင် အမြန်ရေယာဉ် ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်းနှင့် ယခုလက်ရှိတွင် လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ ကော့သောင်း- ရန်ကုန် ၄၄၈၀၀၀ ကျပ်၊ မြိတ်-ကော့သောင်း ၁၉၀၀၀၀ ကျပ်၊ မြိတ်-ရန်ကုန် ၂၇၈၀၀၀ ကျပ် ရှိနေကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment