ဒို့တာဝန် အရေးသုံးပါးကို အလေးမထားကြတော့ဘူးလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒို့တာဝန် အရေးသုံးပါးကို အလေးမထားကြတော့ဘူးလား



နေ့စဉ်နေ့တိုင်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဖြစ်တဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးပြီး အကြမ်းဖက်လှုံ့ဆော်နေသူတွေကို ဖမ်းဆီးထိန်းသိမ်းလျက်ရှိပါတယ်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ကစပြီး လူမှုကွန်ရက်များပေါ်က အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေများအရ အရေးယူခံရမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ကြေညာအသိပေးခြင်းဖြစ်ပါတယ်။


နီပိန်းများဟာ ဥပဒေကို လေးစားလိုက်နာခြင်း မရှိတဲ့အတွက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့က စပြီး ဖော်ထုတ်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တကယ်အရေးယူ ဆောင်ရွက်သလား၊ ရဲတပ်ဖွဲ့က ဘယ်လိုနည်း ဘယ်လိုပုံစံ လုပ်ဆောင်နေသလဲဆိုတာတော့ မသိနိုင်ပါဘူး။


လူမှုကွန်ရက်ပေါ်က လှုံ့ဆော်သူများကိုပင် အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာတော့ အထင်အရှားပါပဲ။ လူမှုကွန်ရက်ပေါ်က အကြမ်းဖက်လှုံ့ဆော်သူများကို လေလှိုင်းပေါ်က လူသတ်သမားများအဖြစ် တင်စားကြပါတယ်။

ပိုပြီးဆိုးသွမ်းတဲ့ အခြေအနေကတော့ လက်တွေ့ကျကျ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းများဟာ ရေတွက်လို့တောင် မကုန်နိုင်အောင် ဖြစ်လာပါတယ်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG ရဲ့ လက်ပါးစေ ပဒက်အဖွဲ့ပေါင်းများစွာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့များကပါ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတာကို မျက်ဝါးထင်စွာ တွေ့မြင်နေရတဲ့ ကာလဖြစ်ပါတယ်။


လေလှိုင်းပေါ်က လှုံ့ဆော်သူများထက် မြေပြင်မှာ အကြမ်းဖက်လုပ်ရပ်တွေကို လက်တွေ့ကျကျ ကျူးလွန်နေတဲ့ အဖွဲ့များက ပိုပြီး အပြစ်ကြီးတယ်ဆိုတာလည်း အထူးပြောဖွယ် မရှိပါဘူး။


ဒို့တာဝန်အရေး(၃)ပါး -

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံးချက်ကို ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံက နည်းလမ်းပေါင်းစုံနဲ့ ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။


မြဝတီသတင်းစာရဲ့ အယ်ဒီတာ့အာဘော် တစ်ပုဒ်ကို ပြန်ပြီး လေ့လာကြည့်တဲ့အခါ -

တိုင်းပြည်အပေါ် ထားရှိသော  တပ်မတော်၏မှန်ကန်သော သစ္စာတရားကြောင့်  နိုင်ငံတော်တွင် ပေါ်ပေါက်လာသည့် မည်သည့်အန္တရာယ် အခက်အခဲကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ နေလာလျှင် နှင်းပျောက်သကဲ့သို့ တပ်မတော်၏ မှန်ကန်သော သစ္စာတရားအောက်တွင် သစ္စာမဲ့သူတို့၏ လုပ်ရပ်များသည်  လွင့်စဉ်ကွယ်ပျောက် ခဲ့သည်သာ ဖြစ်သည်။ ထင်ရှားသော သာဓကပြရလျှင် ၁၉၄၈-၁၉၄၉ ခုနှစ်ကာလများ သည်မြန်မာ့သမိုင်းတွင် မုန်တိုင်းတိုက်ခတ်ခံရသော အချိန်များ ဖြစ်သည်။ ရန်ကုန်အစိုးရဟူ၍ လှောင်ပြောင် ခြင်းခံနေရသည်အထိ အခြေအနေ ဆိုးရွားလွန်းလှသည်။  လွတ်လပ်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် အချို့သည်ပင် ရောင်စုံသောင်းကျန်းသူအဖြစ်သို့ ရောက်သွားခဲ့ကြသည်။ နိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများကို တပ်မတော်က စွမ်းစွမ်းတမံ ဆောင်ရွက်ကာကွယ်နိုင်ခဲ့သည်။ ထို့ပြင် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ တရုတ်ဖြူကူမင်တန်ကျူးကျော်မှုကို မဲခေါင်စစ်ဆင်ရေး ကြီးအပါအဝင် စစ်ဆင်ရေးကြီး အကြိမ် ၃၀ နှင့် စစ်ဆင်ရေးငယ်များစွာ ဆင်နွှဲပြီး ပြည်ပကျူးကျော်မှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။


မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံ အချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သော စစ်ရေးတစ်ခုတည်းနှင့် ကျူးကျော်သိမ်းပိုက်ခြင်းမျိုး မဟုတ်တော့ပေ။  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသော ခေတ်သစ်စစ်ပွဲနည်းလမ်းများဖြင့် ကျူးကျော်လျက်ရှိသည်။ ခေတ်သစ်စစ်ပွဲ အောင်နိုင်ရန်မှာ သတင်းဆက်သွယ်ရေး နည်းပညာများ၊ အီလက်ထရွန်နစ် နည်းပညာများနှင့် စက်မှုနည်းပညာ များကို ပိုင်ဆိုင်ထားဖို့ လိုအပ်လှသည်။  ယနေ့တပ်မတော်သည်  နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။


"နိုင်ငံတော်ကာကွယ်ရေး တာဝန်မှာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်သည်။ ဒို့တာဝန် အရေးသုံးပါး သည်ကား  တပ်မတော်သားတို့၏ သားစဉ်မြေးဆက်တိုင်ကာကွယ် စောင့်ရှောက်ရမည့်အမျိုး သားနိုင်ငံရေး ဖြစ်ပေရာ ဒို့တာဝန်အရေးသုံးပါးနှင့် တပ်မတော်သည်ကား ခွဲခြား၍မရသော၊ တစ်ထပ်တည်း ရှိနေသောအရာများ ဖြစ်ပါကြောင်း" မြဝတီသတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားပြဆိုခဲ့ပါတယ်။


မြေပြင်အခြေအနေမှာ အကြမ်းဖက်အဖွဲ့အစည်းပေါင်းများစွာရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဒို့တာဝန်အရေး(၃)ပါးကို သွယ်ဝိုက်သောနည်းလမ်းမျိုးနဲ့မဟုတ်ဘဲ တိုက်ရိုက်နည်းလမ်းနဲ့ ရိုက်ချိုးဖျက်ဆီးနေခြင်း ဖြစ်ပါတယ်။ အဆိုပါ မြဝတီသတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားပြဆိုသည့်အတိုင်း အနိမ့်ဆုံးတာဝန်ကိုရော အမြင့်ဆုံးတာဝန်ကိုပါ တပ်မတော်အကြီးအကဲများအနေနဲ့ အလေးထား လုပ်ဆောင်သင့်သော အချိန်ကာလကိုပင် ကျော်လွန်ရောက်ရှိလာပြီဖြစ်ကြောင်း ရှုမြင်မိပါသည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)