MNP ၊ နိုဝင်ဘာ ၁၃
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်တွင် အရောင်းဆိုင်အချို့၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာမှုကြောင့် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminalများမှ ယင်းစက်သုံးဆီအရောင်းဆိုင်များသို့ နိုဝင်ဘာ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန်လေးသိန်းကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းခုနစ်သောင်း ကျော်အားလည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဆီတင်ယာဉ် ၂၆၈စီး ဖြင့် 92 Ron ဂါလန်သုံးသိန်းကျော်၊ 95 Ron ဂါလန်ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် နှစ်သိန်း သုံးသောင်းကျော်အားလည်းကောင်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့သဖြင့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ယင်းအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန် အခြေအနေအတိုင်းလည်ပတ်နေကြောင်း သိရသည်။
လိုအပ်ပါက စက်သုံးဆီများကို လိုအပ်သလို အချိန်မီဖြည့်ဆည်းပေးသွားမည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် လိုအပ်သော စက်သုံးဆီများကို လိုအပ်သလို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းရရှိသည်။
စက်သုံးဆီနှင့် ပတ်သက်၍ ကောလဟလများ ထုတ်လွှင့်နေမှုအပေါ် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က" ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ပတ်သက်ပြီး စိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီးလုပ်ပေး တာမရှိဘူး။ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလန် သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်းနီးပါး ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို မည်သည့်စက်သုံးဆီအမျိုးအစားမဆို ပြည်တွင်းမှာတစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ရင် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထားဆောင်ရွက်ပေးနေတဲ့အတွက် ယခင်အတိုင်းပဲ ဒေါ်လာရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူလူထုအနေနဲ့ တစ်ခုသတိထားသင့်တာကတော့ ဒီအချိန်မှာ ဘက်ပေါင်းစုံကနေ အချိန်ကိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ကာကွယ်ရေးအရဘက်ပေါင်းစုံကနေ သတင်းအမှားတွေထုတ်လွှင့်ပြီး ဆောင်ရွက်နေတာမျိုး ရှိပါလိမ့်မယ်။ ဒီသတင်းအမှားတွေကိုကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့ အရေးကြီးပါတယ်။" ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ရှင်းလင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် စက်သုံးဆီ၊ စားသုံးဆီစီးပွားရေး လုပ်ငန်းတွေ၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်) မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် Border Trade ကုန်သွယ်မှုနဲ့ ပတ်သက်လာရင် ရပ်တန့်နေတာမှအပ ကျန်တဲ့လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပြောကြားလိုပါကြောင်း၊ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ကာကွယ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြောချင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment