နစကအစိုးရ ဘာတွေ လုပ်နေလဲလို့ မေးရင် NLD အစိုးရလက်ထက်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးသွားတဲ့ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ကိစ္စအဝဝကို ပြန်လည်ပြုပြင် တည်ဆောက်ရေးတွေ လုပ်နေရတယ်။ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်တည့်မတ်လာအောင် လုပ်ဆောင်နေရတယ်။ ဒါတွေအားလုံးဟာ နစကအစိုးရရဲ့ အပြုသဘောဆန်တဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
တဖက်မှာ အထူးပြုပြီး အလေးထားဆောင်ရွက်ရမယ့် ကိစ္စက အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်း ဖြစ်ပါတယ်။ ယနေ့ နစက ဖြစ်တည်နေခြင်းနဲ့ အဓိကထားပြီး လုပ်ဆောင်ရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ပိုပြီး အလေးထား လုပ်ဆောင်ရမယ့် အရေးပေါ်ကာလဖြစ်ပါတယ်။
အာဏာရမ္မက်ထပြီး အကြမ်းဖက်လမ်းစဉ်ကို ဖောင်ဆောင်ခဲ့တဲ့ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုဟာ နစကအစိုးရ တက်လာပြီး (၄)လလောက်ကတည်းက စတင်ခဲ့ရာမှာ ယနေ့အချိန်အထိ အရှိန်အဟုန်ကောင်းနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒီကာလမှာ အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေမှာ အလွန်ပင်ပင်းပါတယ်။ တချို့ဆို မိသားစုထံ နှစ်နဲ့ချီပြီး မပြန်နိုင်ကြပါဘူး။ ရှေ့တန်းစစ်မြေပြင်မှာပဲ လှည့်လည် တာဝန်ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။
အထူးအားဖြင့် ပြောဖို့လိုနေတာကတော့ နိုင်ငံတော်ရဲ့ မူဝါဒချမှတ်သူများရဲ့ လွဲမှားတဲ့ သဘောထားတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်တို့ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ကာလမှာကတည်းကိုက တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ သောင်းကျန်းသူတွေအပေါ်မှာ သဘောထားကြီးခဲ့တဲ့ အစဉ်အလာရှိပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဘက်က လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိခဲ့ပါတယ်။ တိုင်းရင်သား လက်နက်ကိုင်အမည်ခံပြီး ဆူပူအကြမ်းဖက် လုပ်ခဲ့ကြသူတွေအပေါ် မျက်နှာသာပေး၊ အခွင့်အရေးပေးရာကနေ မွေးပြီးတိုက်နေတာဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်လို့ အမည်ခံပြီး လက်နက်ကိုင်သောင်းကျန်းနေတဲ့ အဖွဲ့အစည်းတွေကို စစ်တမ်းထုတ်ကြည့်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းက မိမိတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ တိုင်းရင်းသားပြည်သူကို ကောင်းကျိုးပြုဖို့ထက် လက်နက်ကိုင်ခေါင်းဆောင်တစ်ခုရဲ့ ကိုယ်ကျိုးရှာလိုမှုကသာ ရှေ့တန်းကို ရောက်လာတာ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့အစည်းများက ငြိမ်းချမ်းရေးကဒ်ကိုင်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ၊ မှောင်ခိုလုပ်ငန်းတွေ လုပ်ကြတယ်။ အစိုးရရဲ့ အသိအမှတ်ပြုခြင်း မခံရတဲ့ အဖွဲ့အစည်းတွေကတော့ တရားဝင် ခွင့်ပြုထားခြင်း မရှိတဲ့ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ တရားမဝင် လုပ်ငန်းတွေ လုပ်ပြီး အကျိုးစီးပွားရှာကြတယ်။
အဲဒီလိုပုံစံမျိုးတွေ ရှိနေခြင်းကြောင့် မြေပြင်မှာ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရတဲ့သူတွေမှာ အခက်အခဲတွေ ဖြစ်လာတယ်။ လိုင်စင်မဲ့ကား တစ်စီးစစ်ဆေးတွေ့ရှိတဲ့အခါ မောင်းလာတဲ့ သူက ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့အဖွဲ့က ဖြစ်နေရင် အဲဒီလူကို မသိကျိုးကျွန်ပြုပြီး ခွင့်ပြုပေးလိုက်ရတာမျိုး ဖြစ်လာတယ်။ အဲဒီလိုနဲ့ အနယ်နယ်အရပ်ရပ်ကို လိုင်စင်မဲ့ကားတွေ ပျံ့နှံ့သွားတယ်။ နောက်ဆုံးတော့ တာဝန်ရှိသူတွေ ကိုယ်တိုင်ကပါ ဥပဒေကို မလေးစားကြတော့ဘဲ လိုင်စင်မဲ့ကားကို ပုံမှားရိုက်ပြီး စီးနေကြတာမျိုးတွေအထိ ဖြစ်လာတယ်။ ပြောလိုရင်းကတော့ ဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရသူတွေကိုင်တိုင်က ဥပဒေမဲ့ လုပ်ရပ်တွေကို ခွင့်ပြုပေးနေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
လက်နက်ကိုင်သောင်းကျန်းသူတွေကို အခွင့်အရေးတွေ ပေးထားတာလည်း များစွာ ရှိပါတယ်။ တချို့သော ကိုယ်ကျိုးရှာလိုသူများဟာ ဒေသခံပြည်သူလူထုကို ကိုယ်စားပြုပါတယ်လို့ အသံကောင်းဟစ်ပြီး ရသမျှအခွင့်အရေးကို အရယူဖို့ ချောင်းနေကြတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးရှာလိုခြင်းကိုလည်း လူတွေ ဖြစ်တဲ့အတွက်ကြောင့် အပြစ်မပြောသာပါဘူး။ ကိုယ်ကျိုးရှာမှ အဆင်ပြေမယ်လို့ ယုံကြည်လာတဲ့ ခေတ်အခြေအနေမှာ ကိုယ်ကျိုးမရှာတဲ့ ပုဂ္ဂိုလ်တွေမှာ လူရာမဝင်၊ လူတောမတိုးတဲ့ အခြေအနေမျိုး ဖြစ်ရပါတယ်။ လူလည်၊ လူရှုပ်၊ လူယုတ်တွေ ကြီးပွားချမ်းသာ လာသည်နှင့်အမျှ တိုင်းပြည်ဟာလည်း တနေ့တခြား ရှုပ်ထွေးပူလောင်လာရတာ ဖြစ်ပါတယ်။
လူလည်၊ လူရှုပ်၊ လူယုတ်တွေ ဟာ မရိုးသားကြဘူး။ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုသလို သူတို့ရဲ့ အကျိုးစီးပွားအတွက် တစ်ဖက်မှာ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးကြပါတယ်။ သာဓကအားဖြင့် ကရင်ပြည်နယ်ဘက်မှာ တရားမဝင် ရွှေလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတဲ့ကာလတစ်ခု ရှိခဲ့ပါတယ်။ တရားမဝင် ရွှေတူးဖော်သူတွေ အကြီးအကျယ် ချမ်းသာလာကြပါတယ်။ အဲဒီလို ချမ်းသာလာတဲ့ကောင်တွေက ဘာလုပ်သလဲဆိုရင် သူတို့ဘက်ကို အစိုးရတာဝန်ရှိသူများ မျက်စိကျမလာအောင် ရန်ကုန်မြို့ပေါ်တက်ပြီး ရွှေတိဂုံဘုရားအနီးမှာ ဖောက်ခွဲတိုက်ခိုက်မှု လုပ်ခိုင်းခဲ့တယ်။ Trader Hotel မှာ ဖောက်ခွဲမှု လုပ်ခိုင်းခဲ့တယ်။ အဲဒီအမှုနဲ့ ယနေ့တိုင်အောင် ထောင်ကျနေသူတွေ ရှိသေးတယ်။ လူလည်၊ လူရှုပ်၊ လူယုတ်တွေရဲ့ သရုပ်မှန်ကို သိစေလိုခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ခေတ်ထက် ပိုပြီး ယနေ့ တပ်မတော်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်အကြီးအကဲများက ပိုပြီး သဘောထားကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အရ ဒီမိုကရေစီခေတ်ပြောင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူများရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ကို ဥပဒေနဲ့အညီ ခွင့်ပြုထားတယ်။ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်လာရင် အရေးယူဆောင်ရွက်ရမယ်။ ဥပဒေပြဋ္ဌာန်းချက်များ အတိအကျ ရှိပြီးသား ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက စနစ်တကျ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်လာခြင်းကြောင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အရ ထိန်းသိမ်းရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ဖွဲ့စည်းပုံအခြေခံက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်တဲ့ အတွက် ကိစ္စရပ်အားလုံးကို ဥပဒေနဲ့အညိ ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရ ဖြစ်ပေါ်လာချိန်မှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD များဟာ ဆူပူဆန္ဒပြမှုများ လုပ်ဆောင်လာခဲ့ပါတယ်။ သူတို့ရဲ့ ဆူပူဆန္ဒပြမှုတွေဟာ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိပါဘူး။ ဥပဒေမဲ့ ဆူပူဆန္ဒပြမှုမျိုးသာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဆောင်နေတာတွေအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီမိုကရေစီအခွင့်အရေးပေးပါတယ်ဆိုပြီး အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ခွင့်ပြုပေးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဟပြောဆိုခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ နီပိန်းတွေဟာ သူတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အရေးယူဆောင်ရွက်ခြင်း မလုပ်တာကို သိလာတဲ့အခါကြတော့ လူထုရဲ့ ဒေါသကို နှိုးဆွပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ စတင်လာပါတယ်။ ဆန္ဒပြမှုက ရိုးသားမှု မရှိတော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။ သူတို့နဲ့အတူ ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခြင်း မရှိတဲ့ ပြည်သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး ပြဿနာရှာတာမျိုးတွေ လုပ်ဆောင်လာပါတယ်။ ဆူပူဆန္ဒပြသူများရဲ့ ဒေါသဟာ အထွဋ်အထိပ်ကို ရောက်လာပြီး ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးကာ လည်လှီးသတ်၊ တာယာကွင်းပုံပြီး မီးသင်္ဂြိုလ်ပစ်တဲ့ အခြေအနေမျိုးအထိ ရောက်လာပါတယ်။ (မန္တလေးမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆန္ဒပြသူများက ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့တဲ့ ဖြစ်စဉ်)
နစကအစိုးရ က နီပိန်းအစွန်းရောက်တွေရဲ့ လုပ်ရပ်တွေကို ဖိဖိစီးစီး နှိမ်နင်းရမယ့် အခြေအနေမျိုးကိုရောက်လာသည့် တိုင်အောင် ဖိဖိစီးစီး ဆောင်ရွက်ခြင်း မရှိဘဲ နီပိန်းအစွန်းရောက် ဆူပူအကြမ်းဖက်သူတွေရဲ့ လုပ်ရပ်တွေကတော့ ဘယ်အဆင့်ကို ရောက်လာပါပြီဆိုတာမျိုး မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။ အာဏာရမ္မက်ထနေတဲ့ NLD အစွန်းရောက်အုပ်စု က အာဏာလက်မဲ့ ဖြစ်ပြီးချိန်ကတည်းက မျောက်လက် သစ်ကိုင်းလွတ်၊ ပဋာမြေလူး ဖြစ်နေတာ ဖြစ်တဲ့အတွက် ဘာကိုမှ အလေးမထားပါဘူး။ ဆန္ဒပြရာကနေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာတယ်။ လုပ်ခွင့်ရတယ်။
နစကအစိုးရရဲ့ ကိုင်တွယ်ပုံက ပျော့ပြောင်းမှန်းသိလေ ပိုပြီးဆိုးသွမ်းလာလေ ဖြစ်ပါတယ်။ နီပိန်းတွေ တစ်စတစ်စ ဆိုးသွမ်းလာပုံနဲ့ နစကအစိုးရရဲ့ ကိုင်တွယ်ပုံကို အမေရိကန်က စနစ်တကျ အကဲခတ်နေပုံရပါတယ်။ နစကအစိုးရဲ့ ပျော့ပြောင်းတဲ့ သဘောထားကို အထင်အရှား မြင်ရတဲ့အခါ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို အဆင့်မြှင့်တင်ပေးခဲ့တယ်။ ဆူပူဆန္ဒပြရာကနေ ဒေါသတွေ အထွဋ်အထိပ်ကို ရောက်နေတဲ့ လူငယ်တွေကို KIA, KNU ထံ အကြမ်းဖက်သင်တန်းတက်ရောက်ဖို့ လွယ်ကူစွာပဲ စည်းရုံးသိမ်းသွင်းပြီး ခေါ်သွားနိုင်ကြတယ်။
ယနေ့ အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အခြေအနေများဟာ နစကအစိုးရရဲ့ သဘောထားပျော့ပြောင်းမှုအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက်သင်တန်း တက်ခွင့်ရ၊ လက်နက်ကိုင်ခွင့်ရသွားတဲ့ နီပိန်းများက ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသကို ပြန်လည်ဖျက်ဆီးတဲ့ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စုဖွဲ့ခွင့် ရခဲ့တဲ့ အခြေအနေအထိပါပဲ။
NLD ကနေ ဖြစ်တည်လာတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့အတူ KIA, KNU တို့က အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်လာတဲ့အခါ အကြမ်းဖက်လုပ်ရပ်တွေဟာ အဆိုးဆုံးအခြေအနေအထိ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ KIA, KNU မှာ သန္ဓေတည်ခဲ့တဲ့ အကြမ်းဖက်သမားများဟာ အနယ်နယ်အရပ်ရပ်မှာ PDF အကြမ်းဖက်အဖွဲ့ပေါင်း ရာနဲ့ချီပြီး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
KIA, KNU ဦးဆောင်တဲ့ PDF အကြမ်းဖက်အဖွဲ့ပေါင်းများစွာဟာ လမ်းတံတား ဖျက်ဆီးဖို့ အခွင့်သာရင်လည်း လမ်းတံတားကို ဖျက်ဆီးတယ်။ အစိုးရရုံးဌာနအဆောက်အဦတွေကို ဖျက်ဆီးဖို့ အခွင့်သာရင်လည်း ဖျက်ဆီးတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတောင် မချန် ဖျက်ဆီးခဲ့ကြတယ်။ နစကအစိုးရသက်တမ်း ၂နှစ်ပြည့်ကာလ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ KIA, KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းများရဲ့ ဖောက်ခွဲဖျက်ဆီးမှု၊ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရုံးဌာနအဆောက်အဦများ၊ လမ်းတံတားများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လျှပ်စစ်တာဝါတိုင်များ၊ ဖုန်းတာဝါတိုင်များ ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေများအပြင် NLD အစိုးရအဖွဲ့ ဦးဆောင်သူများရဲ့ သိန်းပေါင်းသောင်းချီသော အဂတိလိုက်စားမှုများကို ထုတ်ပြန်ခဲ့ပါတယ်။
KIA, KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းများကတော့ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်လိုက်ရရင် ပျော်နေကြတာ။ သူတို့နိုင်လိုက်တယ်လို့ ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ ဖျက်ဆီးခဲ့သမျှ လမ်းတံတား၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆောက်လုပ်ထားတာတွေ မဟုတ်ဘူး။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရဲ့ ပိုင်ဆိုင်မှုတွေ မဟုတ်ဘူး။ နစက အစိုးရတာဝန်ရှိသူများရဲ့ ပိုင်ဆိုင်မှုတွေ မဟုတ်ဘူး။ နိုင်ငံဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ KIA, KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းများက မိုင်းခွဲ၊ မီးရှို့လို့ ပျက်စီးသွားပြီ။ ပြန်လည် ပြင်ဆင်တဲ့အခါမှာရော နစကအစိုးရ တာဝန်ရှိသူတွေက စိုက်ထုတ်ပြီး ပြင်ဆင်ရတာလား။ နိုင်ငံဘဏ္ဍာနဲ့ ပြုပြင်ရတာလား။ နစကအစိုးရ တာဝန်ရှိသူတွေက KIA, KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းများက ဖျက်ဆီးသမျှကို စိုက်ထည့်ပြုပြင်ပေးမယ်ဆိုရင် နစကတာဝန်ရှိသူတွေ လူမွဲအဖြစ်တောင် ခံယူရလိမ့်မယ်။ မရေတွက်နိုင်လောက်အောင် ဖျက်ဆီးခဲ့တဲ့ ပမာဏကို အစိုးရတာဝန်ရှိသူများက စိုက်ထုတ် ပြုပြင်တယ်ဆိုတာ ရာဇဝင်မရှိဘူး။ အစိုးရအဆက်ဆက်မှာလည်း လမ်းတံတားတွေ ဖောက်လုပ်ခဲ့တာ၊ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ခဲ့တာ၊ ပညာရေးဆိုင်ရာအဆောက်အဦးတွေ ဆောက်လုပ်ခဲ့တာက အစိုးရ တာဝန်ရှိသူတွေရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ခဲ့တာ တစ်ခုမှ မရှိဘူး။ နိုင်ငံဘဏ္ဍာ(ပြည်သူပိုင် ငွေကြေး)တွေကို စီမံခန့်ခွဲပြီး လုပ်ခဲ့တာပဲ မဟုတ်လား။
KIA, KNU, MNDAA, TNLA, AA နဲ့ PDF အကြမ်းဖက်အဖွဲ့အစည်းများကလည်း အဖျက်အမှောင့် လုပ်ငန်းတွေ အကြီးအကျယ် လုပ်ပြီး အောင်ပွဲခံကြတာပေါ့ဗျာ။ အစိုးရကလည်း သူ့မှာ ပြင်ဆင်ရမယ့် တာဝန်ရှိတဲ့အတွက် နိုင်ငံဘဏ္ဍာနဲ့ ပြုပြင်တည်ဆောက်တယ်ပေါ့။ တိုင်းပြည်ကို ဖျက်ဆီးတဲ့ သူတွေကလည်း ပျော်ပျော်ကြီး ဖျက်ဆီးတယ်။ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်နေကြသူများကလည်း သူတို့စွမ်းနိုင်သမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပါတယ်။ အေးဆေးပါပဲ။
အဲဒီလို အစွန်းနှစ်ဖက် ကြားမှာ ပူဆွေးသောက ဗျာပါဒများနေရတာက ပြည်သူတွေ မဟုတ်လား။ အခုဆိုရင် အကြမ်းဖက်သောင်းကျန်းသူ လှုပ်ရှားမှုရဲ့ စစ်မျက်နှာတွေက များသထက်တောင် များလာသေးတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အခြေအနေမှာ အကြမ်းဖက်သောင်းကျန်းသူ လှုပ်ရှားမှုအခြေအနေမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ ကယား၊ ချင်းပြည်နယ်တွေမှာ ဆိုးရွားတဲ့အခြေအနေမျိုး ရှိခဲ့တယ်။ ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး ရှမ်းပြည်(မြောက်ပိုင်း)မှာ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ အမည်ခံ MNDAA, TNLA, AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာတယ်။ ရိုးသားမှုမရှိတဲ့ ပြည်ဖျက်မိစ္ဆာ အောက်တန်းစားတွေအပေါ် ယုံကြည်ခဲ့တဲ့အတွက် အလစ်အငိုက် အတိုက်ခံရတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ လက်တလော ရှမ်းပြည်(မြောက်ပိုင်း)မှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်ကို ခံနေကြရပြီ။
မြောက်ပိုင်း တိုက်ခိုက်မှုတွေအပြီး ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၆/၂၀၂၃)မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြောကြားခဲ့တဲ့ စကား ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တာက "ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင် ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။" ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နဲ့ နစကအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့ ၂၀၂၃ခုနှစ်ထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီ။ ဆွေးနွေးစဉ်ကတော့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဟာ ရိုးသားချင်ယောင် ဆောင်ခဲ့တဲ့ သဘောပါပဲ။ ရိုးသားချင်ယောင်ဆောင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် ဆွေးနွေးပြီး သိပ်မကြာမီမှာပဲ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတာကို တွေ့လိုက်ရပါတယ်။ အခုဆိုရင် အကြမ်းဖက်လှုပ်ရှားမှုက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ ကယား၊ ချင်းပြည်နယ်တွေမှာသာ မဟုတ်တော့ဘဲ ရှမ်း၊ ကချင် စစ်မျက်နှာပေါင်းများစွာ ဖြစ်လာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီအသွင်ပြောင်းခဲ့တယ်။ အစိုးရသက်တမ်း နှစ်ဆက်(၁၀)နှစ်အကြာမှာ တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် ထပ်မံ ဖန်တီးကြတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို အဖွဲ့အစည်းပေါင်းစုံပူးပေါင်း လုပ်ဆောင်လာကြတယ်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများဆုံး တိုင်းပြည်လို့ ပြောစမှတ်ပြုခဲ့ကြတယ်။ အခုတော့ အကြမ်းဖက်အဖွဲ့အစည်းအများဆုံး တိုင်းပြည်အဆင့်ကို ရောက်လာတယ်။ သူခိုးကြီးတော့ ဓားမြ၊ ဓားမြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာတယ်လို့ ဆိုရမလား။
အကြမ်းဖက်အဖွဲ့အစည်းများက သူတို့လုပ်ချင်ရာ လုပ်လို့မရတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုလားကြဘူး။ တပ်မတော်ကလည်း သူတို့ရဲ့ လိုလားချက်ကို ပြင်ဆင်ပေးဖို့အသင့်။ အပြုသဘောဆန်ဆန် ဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကို ပြင်ဆင်ပေးနိုင်ဖို့ သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်တယ်။ လွှတ်တော်ပေါ်ပေါက်လာတာနဲ့ ဒါတွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ပြီး နိုင်ငံရေးလုပ်စားတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကြတော့ အပြုသဘောဆန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်မလာဘူး။ သူတို့ကို ဘယ်သူတွေက အသုံးချမလဲဆိုတာကို စောင့်နေကြတဲ့ သဘောမျိုး မြင်တွေ့လာရတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ဘယ်သူက ခိုင်းမလဲ။ ဘယ်သူကပဲ ခိုင်းခိုင်း သူတို့ လုပ်မှာပဲ။ အခုလည်း ဒီသဘောအတိုင်းပဲ လုပ်နေကြတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကတော့ မပျက်ပြယ်သေးပါဘူး။ လက်ရှိ နစကအစိုးရသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေရတဲ့ အစိုးရဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူများ ပုဒ်မ(၂၀)(က) မှာ "တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်။" လို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ခုတည်းသော တပ်မတော်သာ ရှိရမှာဖြစ်ပေမယ့် ယနေ့ တိုင်းပြည်မှာ တပ်မတော်အမည်ခံ အကြမ်းဖက်အဖွဲ့များစွာ ပေါ်ပေါက်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ရာမှာလည်း ပုဒ်မ (၂၀)(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်။" လို့ ပြဋ္ဌာန်းထာတာ ဖြစ်ပါတယ်။
ယနေ့တိုင်းပြည်တွင်းမှာ တပ်မတော်အမည်ခံ အကြမ်းဖက်အဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လျက်ရှိတယ်။ တပ်မတော်အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းပေါင်းများစွာက အကြမ်းဖက်လုပ်ရပ်တွေကို ပူးပေါင်းကျူးလွန်နေကြတယ်။ ခေတ်အဆက်ဆက် တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ ဆူပူအကြမ်းဖက် တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကို မျက်နှာသာ ပေးခဲ့ပါတယ်။ နစကအစိုးရကလည်း မျက်နှာသာပေးထားဆဲပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အဖွဲ့အစည်းတွေကို မျက်နှာသာပေးခဲ့ခြင်းကြောင့် တိုင်းပြု ပြည်ပြု လမ်းမှန်ပေါ်ကို ရောက်လာသလား။ ကိုယ်ကျိုးရှာလိုမှုတွေ ရှေ့တန်းကို ရောက်လာသလား။ နစက တာဝန်ရှိသူများလည်း သုံးသပ်မိလိမ့်မယ် ထင်ပါတယ်။ နစကအစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်များအနေနဲ့လည်း သမိုင်းကြောင်းကို သုံးသပ်ပြီး အဖြေရှာလို့ ရလိမ့်မယ် ထင်ပါတယ်။ လက်နက်ကိုင် သောင်းကျန်းသူမှန်သမျှကို မျက်နှာသာပေး၊ အခွင့်အရေးတွေ ပေးခဲ့ခြင်းက ပြည်သူလူထု အတိဒုက္ခရောက်ရတာပဲ ရှိပါတယ်။ ပြည်သူလူထုကို ကောင်းကျိုးပြုတာမျိုး မတွေ့ရတဲ့အခါ များစွာ ဝမ်းနည်းမိပါရဲ့ဗျာ။
နှစ်စဉ် ငြိမ်းချမ်းရေးအတွက် အသုံးပြုနေတဲ့ ဘဏ္ဍာငွေတွေလည်း နှမြောဖို့ ကောင်းပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ ကာလတလျှောက် ဆုံးရှုံးခဲ့ရတဲ့ လမ်းတံတား၊ အခြေခံအဆောက်အဦတွေ ဆုံးရှုံးခဲ့ရတဲ့ ပမာဏကလည်း နည်းတာမှမဟုတ်ဘဲ။ အကြမ်းဖက်အဖွဲ့တွေက အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ပြီး အောင်ပွဲခံနိုင်တယ်။ အစိုးရကလည်း ပြင်ဆင်နိုင်သမျှ ပြင်ဆင်မယ်ဆိုတဲ့ အတွေးနဲ့ အေးရာအေးကြောင်း လုပ်လို့ ရပါတယ်။ အရာရာဟာ ပြည်သူများအတွက်တော့ နစ်နာဆုံးရှုံးမှုတွေချည်းသာ ဖြစ်ပါကြောင်း ။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment