မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်


နေပြည်တော်၊ နိုဝင်ဘာ ၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်း‌ဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်စရစ်ကုန်း(တောင်)ကျေးရွာအုပ်စု၊ တံငါမြောက်ကျေးရွာ သကြားစက်သွားလမ်းပေါ်၌ အမျိုးသားနှစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မတ္တရာမြို့၊ အမှတ်(၄)ရပ်ကွက်နေသူများဖြစ်သည့် ဦးသန့်ဇင်ထွေး (ခ)မောင်ထွေး (၃၆)နှစ် အား နဖူးမှကျည်ဖောက်ဝင်ပြီး နောက်စေ့ကျည် ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ ကိုမျိုးမြင့်မြတ်(ခ) ဖိုးတုတ်(၂၀)နှစ်အား ဝဲနားနောက် ကျည်ဖောက်ဝင်ပြီး ယာနားနောက်ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိ ရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းတို့နှစ်ဦးသည် မတ္တရာမြို့မှ တံငါမြောက်ကျေးရွာသို့ ဆိုင်ကယ် တစ်စီးဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်းတို့အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီး ကျေးရွာနေ ဦးဇော်ဇော်အောင်(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမားသုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးဇော်ဇော်အောင်အား သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းပိုင်ဆိုင်သည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား လုယက်ယူဆောင်၍ ပုလင်းပြားကြီးကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်ဇော်အောင်တွင် နဖူး၊ ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး ခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်မှ Light Truck ယာဉ်တစ်စီး၊ ဆိုင်ကယ် နှစ်စီးတို့ဖြင့် ရောက်ရှိလာပြီး ကျေးရွာနေပြည်သူများထံမှ ငွေကြေးနှင့်ပစ္စည်းများခြိမ်းခြောက် တောင်းယူကာ အဆိုပါကျေးရွာနေ ဦးဇော်(ခ)ဘူးသီး(၄၆)နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇရပ်ကြီး-ငွေသောင်ကျေးရွာသွား မြေသားလမ်းဘေး ဇရပ်ကြီးအခြေခံပညာအထက်တန်းကျောင်း အရှေ့၌ သတ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှေ့လမ်းပေါ်၌ ဦးဇော်(ခ)ဘူးသီးအား ဦးခေါင်းပြတ်လျက်သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် သေဆုံးသူ၏အလောင်းအား တောင်သာမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာသည့်လမ်းကြောင်းတစ်လျောက် အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)