MNP ၊ နိုဝင်ဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ သက်တမ်းတလျှောက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် KIA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ခဲယမ်း ထုတ်လုပ်၊ သိုလောင်ရုံများကို ယမန်နေ့ (အောက်တိုဘာ -၃၁) ရက်နေ့မှစတင်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဒုတိယမြောက်နေ့အဖြစ် ယနေ့ (နိုဝင်ဘာ၀၁) ရက်နေ့တွင်လည်း ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
KIA အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ PDF များကို အကြမ်းဖက်သင်တန်းပေးခြင်း၊ အကြမ်းဖက်လှုပ်ရှားမှုများတွင် KIA တပ်ဖွဲ့ဝင်များက ဦးဆောင်၍ အပြစ်မဲ့ ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာမများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ကြိုတင်ကန့်သတ်ချက်များ မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးခြင်း မရှိခဲ့ပေ။
လက်တလော ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက ဆိုးရွားသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာချိန်တွင် KIA ကို အဓိကထား ရှင်းလင်းဆောင်ရွက်လာသည့်အပေါ် ပြည်သူများအနေဖြင့် သို့လောသို့လော တွေးဆနေကြသည့်အပေါ် လေ့လာသူတစ်ဦးက "မြောက်ပိုင်း မဟာမိတ် ဆိုတာ (၃)ဖွဲ့မဟုတ်ဘူး။ (၄)ဖွဲ့ နဲ့ ဖွဲ့ထားတာ။ KIA, MNDAA, TNLA, AA ဆိုပြီး မြောက်ပိုင်း (၄)ဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့။ အခုမှ KIA ကို ဖျောက်ထားပြီး ၃ဖွဲ့လို့ ထုတ်ပြန်ချက်တွေ ထုတ်နေတာ။ အဓိက ဒေါက်တိုင်ကတော့ KIA ပဲ။ PDF ကို လက်နက်ရောင်းစားနေတာလည်း KIA ပဲ။ အခုမှ ထပြီး မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့လို့ အော်တဲ့ ကောင်တွေ ကိုင်တဲ့ လက်နက်ခဲယမ်းကလည်း KIA ကပဲ လာတာ။ ယမန်နေ့ က နစကအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် သည်းခံနိုင်စွမ်းကုန်သွားပြီဆိုတာက အလွန်အမင်း ဆိုးရွာလာတဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။ ဒီပုံစံအတိုင်းပဲ ပျော့ပြောင်းနေမယ်ဆိုရင် KIA ရဲ့ လက်တံက တဖြည်းဖြည်း ရှည်လာမယ်။ တရုတ်နဲ့ အရေးပေါ် တွေ့ဆုံမှုတွေ လုပ်တယ်ဆိုတာကလည်း ဒီကောင်ကို အဓိက ရှင်းလင်းဖို့ ပါပဲ။ နှစ်နိုင်ငံ ပီပီပြင်ပြင် ဆွေးနွေးနိုင်တယ်ဆိုရင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေရဲ့ အဓိက ပင်စည်ကို ခုတ်လှဲလို့ ရပြီ။ အခုမှ စပြီး ပင်စည်ကို ခုတ်တာလို့ ပြောလို့ ရပါတယ်" ဟု သုံးသပ် ပြောဆိုသည်။
ရှမ်းပြည် မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့ရပြီးနောက် အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment