MNP ၊ နိုဝင်ဘာ ၁
ပြည်ပမှတင်သွင်းသည့်ကုန်ကြမ်းဖြင့် ပြည်တွင်းမှာ ထုတ်လုပ်သည့် ထုတ်ကုန်များအသုံးပြုသည့် CMPလုပ်ငန်းများ (CMP အထည်ချုပ်နှင့် အထည်ချုပ်မှအပ အခြားCMPလုပ်ငန်းများ) အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်နိုင်ရေး၊ လိုအပ်နေသည့် ပြည်တွင်းထုတ်ကုန်များကို ထုတ်လုပ်နေသော လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ကုန်ကြမ်းများတင်သွင်းနိုင်ရေးတို့ကို ယမန်နေ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် MIA ရုံးအစည်းအဝေး ခန်းမ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းအထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးတို့မှ ဦးဆောင်၍ ပို့ကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသော CMP အထည်ချုပ် ကုမ္ပဏီများ နှင့် အခြား CMPလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် CMP စနစ်ဖြင့် ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းအသုံးပြု၍ ပြည်တွင်းမှာ ထုတ်လုပ်သည့် Cartoon Box , Poly Bag, Padding , Mould အမျိုးမျိုး၊ ဖိနပ်အောက်ခံဆိုးလ်ပြားများ စသည်ဖြင့် လုပ်ကိုင်နေသော လုပ်ငန်းများသည် အခွန်အကောက်များပေးနေမှု ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး အကောက်ခွန် ကင်းလွတ် သို့မဟုတ် သက်သာခွင့် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် (၈၇/၂၀၁၇) ထုတ်ပြန် ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ဆွေးနွေးရာတွင် လုပ်ငန်းရှင်များ လုပ်ရကိုင်ရ လွယ်ကူစေရန်၊ ရာခိုင်နှုန်းပြည့် ပို့ကုန်တင်ပို့သည့် လုပ်ငန်းများ အတွက် ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိနိုင်စေရန်၊ ကုန်ချောထုတ်လုပ်မှုအတွက် ခံစားခွင့် ရရှိနိုင်ရန်၊ CMP အထည်ချုပ်၊ အထည်ချုပ်မှအပ အခြား CMPလုပ်ငန်းများနှင့် ထောက်ပံ့ ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက်ရုံများကို ပံ့ပိုးပေးနိုင်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment