ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထံသို့ လက်နက်၊ ခဲယမ်းများပို့ဆောင်မည့် တရားခံများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထံသို့ လက်နက်၊ ခဲယမ်းများပို့ဆောင်မည့် တရားခံများအား ဖမ်းဆီးရမိ










MNP ၊ နိုဝင်ဘာလ ၁၇

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည်  ကယား ပြည်နယ်အတွင်း အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူ များ၏ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်းနှင့် လုယက်ခြင်းများအား ဥပဒေမဲ့ ကျူးလွန် လျက်ရှိသည်။ အဆိုပါ အကြမ်းဖက်သမားများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့်ချိတ်ဆက်ကာ လက်နက်၊ ခဲယမ်းများဝယ်ယူ၍ အပြစ်မဲ့ပြည်သူများ အပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။


နိုင်ငံတော်အစိုးရအနေနှင့် တပ်မတော်အနေဖြင့် လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့မှုများအရ နိုဝင်ဘာလ ၁၆ ရက် ညပိုင်းတွင် ကယားပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ရပ်များနှင့် အကြမ်းဖက်လုပ် ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထံသို့ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသော ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် တရားခံ ခွန်သောင်းထွန်းအား ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာနေ ပေတူး(ခ)မာရီယာနို ၏နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးတို့အား ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများထံသို့ ပို့ဆောင်မည့် RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား (လိုင်စင်မဲ့) (၆)ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော် ယာဉ် ၁ စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်း ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ်ဘက်သို့ လက်နက်၊ ခဲယမ်းများ အဓိကပို့ဆောင်ပေးနေသည့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ ပေတူး(ခ)မာရီယာနိုအား ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့၏ ထွက်ဆို ချက်အရ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအား ကယားပြည်နယ်ရှိ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ စေခိုင်းမှုဖြင့် ပင်လုံမြို့နယ်၊ ကုန်းကျောင်း ကျေးရွာသို့ လာရောက်ပို့ဆောင်သည့် SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံမှ (၄)ကြိမ်ခွဲ၍ သွားရောက်သယ်ယူခဲ့ပြီး  နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦတွင် စုစည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်၊ ခဲယမ်းများအား Canter အမျိုးအစား ခြောက်ဘီးယာဉ်တို့ဖြင့် ကယားပြည်နယ်ဘက်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ် နေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။                          


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှုများ၊ ၎င်းတို့ ပုန်းခိုရာနေရာများနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီး ရမိရေးအတွက် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)