AA အကြမ်းဖက်သောင်းကျန်းသူများက ပြည်ပပို့ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်သောင်းကျန်းသူများက ပြည်ပပို့ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား ဖမ်းဆီးရမိ





နေပြည်တော် ဒီဇင်ဘာ ၁၉

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်များအရ AA အကြမ်းဖက်အဖွဲ့ဝင်များက ပြည်ပပို့ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား သိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်း တို့အား ALPHARD မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချို အား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီအချိန် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှတို့အား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ 

စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်းအား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သား အဆင့်ရှိ ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ၆ ဦးအား ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘော ၁ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ် ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)