နစကအစိုးရလက်ထက်မှာ ဒေါ်လာဈေးတွေ အဆမတန် ဈေးနှုန်းမြင့်တက်လာအောင် လုပ်ဆောင်လာတဲ့အတွက် အစိုးရက သတ်မှတ်ဈေးနဲ့ ရောင်းချပေးတယ်။ နိုင်ငံခြားသွင်းကုန်တွေ တင်သွင်းနိုင်အောင်လည်း အစိုးရသတ်မှတ်ဈေးနဲ့ပဲ ထုတ်ရောင်းပေးတယ်။
စီးပွားရေးသမား ဝိသမလောဘသားများက အစိုးရဈေးနဲ့ ရတဲ့ ဒေါ်လာကို ပြင်ပမှာ ပေါက်ဈေးနဲ့ ပြန်ပြီး အရောင်းအဝယ် လုပ်ပြီး အမြတ်ထုတ်တယ်။ ဒါတွေကိုလည်း အစိုးရသိတယ်။
အောက်တိုဘာလထဲမှာ စက်သုံးဆီနဲ့ ပတ်သက်လို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန်သတင်းတွေ လွှင့်လာတဲ့အတွက် အစိုးရက ဖြေရှင်းဆောင်ရွက်ခဲ့တယ်။ ဆိုင်မှာ ဆီရှိပါလျက်နဲ့ ရောင်းမပေးဘဲ လှောင်ထားတဲ့ ဆီဆိုင် ၃ဆိုင်ကိုလည်း အရေးယူခဲ့တယ်။
အခုထွက်ပေါ်နေတဲ့ သတင်းက အစိုးရက ဒေါ်လာကို အစိုးရဈေးနဲ့ ရောင်းမပေးတော့တဲ့အတွက် ထပ်တက်အုံးမှာဆိုပြီး ကောလဟလများ သတင်းပျံ့နေပြန်ပါပြီ။ ဝိသမလောဘသားများ တည်ထောင်ထားတဲ့ ဆီဆိုင်များကလည်း ဆီပြတ်နေပြီလို့ လုပ်လာပြန်တဲ့အကြောင်း ရန်ကုန်မြို့က တက္ကစီဆရာများထံက ကြားသိရပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁ရက်နေ့မှာ စပြီး စက်သုံးဆီဈေးနှုန်း တစ်လီတာကို ၃၀၀ ကျော်လောက် မြင့်တက်သွားတာကို တွေ့မြင်ရပါတယ်။ ဒီထုတ်ပြန်ချက် မထွက်ခင်ကတည်းက စက်သုံးဆီအရောင်းဆိုင်များက ဈေးတက်မယ်ဆိုတာ ကြိုသိပြီး မရောင်းပေးတာလို့ ဆိုပါတယ်။
ဝိသမလောဘသားများဟာ အစိုးရက အခွင့်အရေးပေးရင် ရှေ့ဆုံးက လိုချင်တယ်။ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လည်း လုပ်ချင်တယ်။ ကိုယ့်လုပ်ရပ်ကို ယုတ်မာလွန်းတယ်လို့ မထင်ကြဘူးလား။ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကြီးပွားတိုးတက်စေဖို့ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ခဲ့တယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက သူ့ထက်ငါ အများပြည်သူ သက်တောင့်သက်သာနဲ့ အသုံးပြုနိုင်စေဖို့ ယှဉ်ပြိုင်တာမျိုး မရှိဘူး။ သူတို့တွေက ညှိပြီးတော့ အများပြည်သူဆီက ဂုပ်သွေးစုပ်တယ်။
ကျွန်တော်တို့ ငယ်စဉ်ကတော့ ဦးသန်းရွှေအစိုးရလက်ထက် အစိုးရက စက်သုံးဆီကို ချုပ်ကိုင်ထားတယ်။ အစိုးရဈေးနဲ့ပဲ ရောင်းပေးတယ်။ အစိုးရဆီဆိုင်က ဆီထုတ်ပြီး အပြင်မှာ ပေါက်ဈေးတစ်မျိုးဖန်တီးပြီး ရောင်းချတဲ့ ဆီမှောင်ခိုဈေးကွက် ဖြစ်ခဲ့တယ်။
အခု အဲဒီလိုလည်း မဖြစ်ရအောင် စက်သုံးဆီတင်သွင်းမှုကို အစိုးရကသာ လုပ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များ အစိုးရတင်သွင်းတဲ့ ဆီကိုပဲ သတ်မှတ်ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချခိုင်းတာမျိုး လုပ်ဆောင်သင့်ပါတယ်။ ထိုက်သင့်တဲ့ အမြတ်နဲ့ ရောင်းချခွင့်ပြုမယ်။ မတော်လောဘနဲ့ အမြတ်တင်ရောင်းရင် အရေးယူတဲ့ စနစ်ကို ကျင့်သုံးသင့်ပါတယ်။
ဝိသမလောဘသား လုပ်ငန်းရှင်များဟာ ဒေါ်လာပေါ်ကနေလည်း အမြတ်လိုချင်သေးတယ်။ စက်သုံးဆီအပေါ်မှာလည်း အမြတ်လိုချင်သေးတယ်။ အနစ်နာခံလိုစိတ်ရှိတဲ့သူ နည်းပါးနေတဲ့အတွက် ပြဿနာတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကလည်း အလုံးစုံပျက်သုဉ်းရေးအတွက် လှုံ့ဆော်ပြီး ပြည်သူလူထုကို ဒုက္ခပေးတယ်။ အဲဒီ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကလည်း ပြည်သူလူထုအတိဒုက္ခရောက်အောင် ပြည်ပြေး ဝရမ်းပြေးများ ခိုင်းစေတဲ့အလုပ်မှန်သမျှ အကုန်လုပ်တယ်။ ဝိသမလောဘသားများကလည်း ပြည်ဖျက်မိစ္ဆာများနဲ့ ထပ်တူ ပြည်သူလူထုဆီကနေ ဘယ်ပုံဘယ်နည်း ဂုပ်သွေးစုပ်လို့ရမလဲဆိုတာကိုပဲ ချောင်းမြောင်းကြံစည်နေတဲ့ သဘောကို တွေ့ရပါတယ်။
ပြည်ဖျက်မိစ္ဆာတွေ၊ အကြမ်းဖက်အုပ်စုတွေ၊ ဝိသမလောဘသားတွေနဲ့ လက်ရှိကာလ မြန်မာပြည်ကို ထိန်းကျောင်းရတဲ့ အစိုးရလည်း ခေါင်းချောက်၊ ပြည်သူတွေလည်း ငါးပါးမှောက် အခြေအနေပါပဲ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment