မြန်မာ့သဘာဝ ဘူမိအလှပန်းချီ ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ဆီ (၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့သဘာဝ ဘူမိအလှပန်းချီ ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ဆီ (၁)



ဇော်ထက်လင်း (ဘဓရ)


ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ

ဘူမိဥယျာဉ်ဆိုသည်မှာ တစ်မူထူးခြား၍ တစ်ပေါင်းတစ်စည်းတည်းရှိပြီး အရေးပါသည့် သဘာဝပတ်ဝန်း ကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရိုးရာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တို့ ပါဝင်ကာ ဘူမိအမွေအနှစ်များကို ပညာပေးရန်၊ ကာကွယ်ထိန်းသိမ်းရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် လွှမ်းခြုံစဉ်းစားလျက် စီမံခန့်ခွဲထားသည့် နေရာတစ်ခုပင် ဖြစ်ပါသည်။

ဘူမိဥယျာဉ်တစ်ခုအတွင်းရှိ ဘူမိအမွေအနှစ်များသည် ကလေးငယ်များ၊ အရွယ်ရောက်ပြီးသူများ၊ ဒေသခံပြည်သူ များနှင့် လာရောက်လည်ပတ်သူများအတွက် ဒေသတစ်ခု၏ သမိုင်း၊ သဘာဝနှင့်ယဉ်ကျေးမှုအကြောင်း လေ့လာနိုင်သည့် ကမ္ဘာ့သင်ခန်းစာအနေဖြင့် အထောက်အပံ့ပြုကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ဘူမိဥယျာဉ်များသည် ပညာရေးနှင့်အတွေ့အကြုံသင်ယူခြင်းအတွက် အခွင့်အလမ်းများရရှိစေရုံသာမက ဘူမိအမွေအနှစ်နေရာများအတွက် ဘူမိနယ်မြေများ ထိန်းသိမ်းခြင်း(Geoconservation) အကြောင်း နားလည်သဘောပေါက်ရန်နှင့် အသိပညာတိုးပွားစေရန်အတွက် အလားအလာများကို ဖော်ဆောင်လျက်ရှိပါသည်။ အခြားတစ်ဖက်တွင်လည်း ဘူမိနယ်မြေများကို သွားရောက် လေ့လာအပန်းဖြေခြင်းဆိုင်ရာ ဘူမိခရီးသွားလုပ်ငန်း (Geotourism)နှင့် ယင်းနယ်မြေအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ကိုလည်း အထောက်အပံ့အဖြစ် တည်ရှိနေပါသည်။


ဘူမိဥယျာဉ်များ၏အစ

ကျောက်အမျိုးမျိုးနှင့် တွင်းထွက်သတ္တုများ၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ မြေဆီလွှာများနှင့် ဘူမိရုပ်သွင်များသည် သဘာဝ၏အဓိကအရေးပါသော အရာများပင်ဖြစ်လေရာ လူသားများ၏ ဖြန့်ကြက်နေထိုင်မှု၊ သစ်ပင်ပန်းမန်နှင့် တိရစ္ဆာန်များသည် ရာသီဥတုအပေါ်တွင်သာ အမှီသဟဲပြုနေခြင်းမဟုတ်ဘဲ ဘူမိဗေဒနှင့်တောတောင်ရေမြေတို့သည်လည်း လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့်ကမ္ဘာမြေပေါ်ရှိ ကွဲပြားခြားနားသော ဓလေ့ထုံးစံတို့ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဘူမိဥယျာဉ်အယူအဆ အခြေခံအတွေးအခေါ်ကို ၁၉၉၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သော “ဒင်းညီလာခံ” (Digne Convention) တွင် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ပထမအကြိမ် နိုင်ငံတကာဆွေးနွေးပွဲကို တက်ရောက်လာသူများက ကမ္ဘာ့မြေဘူမိအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်နှင့် နိုင်ငံတကာအာဏာပိုင်များအား အဆိုပြုတောင်းဆိုရာမှ စတင်ခဲ့ ကြောင်း သိရှိရပါသည်။

၁၉၉၇ ခုနှစ်တွင် ဖော်ပြပါတောင်းဆိုချက်များကို တုံ့ပြန်မှုအနေဖြင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) (United Nations Educational, Scientific and Culture Organization-UNSECO)၏ ကမ္ဘာမြေသိပ္ပံဌာနခွဲသည် ကမ္ဘာမြေအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတွင် နိုင်ငံတော်နှင့် နိုင်ငံတကာမှ ကြိုးပမ်းမှုများကို ပံ့ပိုးရန်ယူနက်စကို ဘူမိဥယျာဉ် အစီအစဉ် (UNESCO Geoparks Programme) ၏ အယူအဆကို မိတ်ဆက်ပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဥရောပနယ်မြေလေးခုဖြစ်သော ပြင်သစ်၊ ဂရိ၊ ဂျာမနီနှင့်စပိန်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဘူမိဗေဒအမွေအနှစ်များ ကာကွယ်ရေးနှင့် ဘူမိခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့မှ တစ်ဆင့်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဥရောပဘူမိဥယျာဉ်ကွန်ရက် (European Geoparks Network-EGN) တည်ထောင် ကြောင်း ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

အခြားတစ်ဖက်တွင်လည်း ကမ္ဘာ့ဘူမိဥယျာဉ်များ၏ လှုပ်ရှားမှုများသည် ၁၉၉၆ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တော်၌ ကျင်းပသော အကြိမ်(၃၀)မြောက် ဘူမိဗေဒညီလာခံမှ ကွင်းဆင်းခရီးစဉ် (Field Trip) တစ်ခုအနေဖြင့် တရုတ်နှင့် နိုင်ငံတကာ ဘူမိဗေဒပညာရှင်များ သွားရောက်ခဲ့သည့် ဖန်ရှန်ခရိုင် (Fangshan District) ၏ ကျုံးခေါ်သိရန့် ဧရိယာ (Zhoukoudian Area) ခရီးစဉ်မှ စတင်ခဲ့ကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

၂၀၁၅ ခုနှစ်တွင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark) အတွက် အပြည်ပြည်ဆိုင်ရာ ဘူမိသိပ္ပံနှင့်ဘူမိဥယျာဉ်များ အစီအစဉ် (International Geosciences and Geoparks Programme-IGGP) ကို အဆိုပြုပြဋ္ဌာန်းခဲ့ကာ ရည်ရွယ်ချက်အားဖြင့် ဒေသအတွင်းရှိ အတိတ်သမိုင်းနှင့် ဘူမိအမွေအနှစ်များ၏ အရေးကြီးပုံတို့ကို တိုးမြှင့်အသိပေးခြင်းဖြင့် ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်များသည် ဒေသခံလူထုအား ယင်းတို့ဒေသအပေါ် ဂုဏ်ယူတတ်စေရန်၊ ဒေသအတွင်း ဘူမိအမွေအနှစ်များ ထိန်းသိမ်းရေးတွင် ပူးပေါင်းပါဝင်မှု မြင့်မားလာစေ ရန်နှင့် ဘူမိခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်ခဲ့ကြပါသည်။

ထိုအချက်များကို အခြေပြု၍ ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်များသည် ပထဝီဝင်အနေအထားအရ ထူးခြားသည့် နေရာဒေသများတွင်ရှိပြီး ဘူမိဗေဒအရ ကမ္ဘာ့အဆင့် ထူးခြားသော နေရာဒေသများကို ထိန်းသိမ်းခြင်း၊ ပညာပေးခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို ခြုံငုံမိသည့်သဘောတရားဖြင့် စီမံခန့်ခွဲရေးတို့ကို ဆောင်ရွက်သွားနိုင်ရန် သတ်မှတ်ထား သော နေရာများပင်ဖြစ်ပေသည်။‌


သတ်မှတ်ပြီး ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်များ

ကမ္ဘာပေါ်တွင် ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၈ နှစ်အတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံ၌ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်များ ၁၇၇ ခုအထိ သတ်မှတ်ထားပြီးဖြစ်ပါသည်။ ယင်းတို့တွင် ဥရောပတိုက်၌ ၉၄ ခု၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ၆၆ ခု၊ တောင်-မြောက် အမေရိကနှင့် ကာရေဗီယန်ဒေသတွင် ၁၅ ခုနှင့် အာဖရိကတိုက်တွင် နှစ်ခုသတ်မှတ်ထားပြီးလည်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း ၁၈ ခု ထပ်မံ တိုးမြှင့်လာကြောင်းကိုလည်း သိရှိရသဖြင့် လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၄၈ နိုင်ငံတွင် UNESCO Global Geopark စုစုပေါင်း ၁၉၅ ခု ရှိလာပြီး ဖြစ်ပါသည်။


မြန်မာ့ပထမဆုံး အမျိုးသားဘူမိ ဥယျာဉ်ဖြစ်မြောက်ရေးနှင့် ပုပ္ပားတောင်

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနတို့က ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေးအလားအလာကောင်းများရှိသည့် နေရာများကို သွားရောက်ရှာဖွေဖော်ထုတ်ထားခဲ့ပြီး ယင်းတို့အနက် အလားအလာအကောင်းဆုံး ဖြစ်သည့် ပုပွားတောင်ဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်း အဆိုမပြုမီရှေးဦးစွာ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် သတ်မှတ်ခဲ့ပါသည်။

ကမ္ဘာ့အဆင့်မီ ဘူမိဗေဒဆိုင်ရာအရေးပါမှုများ၊ ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ တွေ့ရှိချက်များ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ဇီဝမျိုးကွဲများ၊ ဒေသခံလူဦးရေနှင့် အသက်မွေး ဝမ်းကျောင်းမှုများကို အခြေခံ၍ မြန်မာ့ရာဇဝင်သမိုင်းကြောင်းများနှင့် ယဉ်ကျေး မှုတို့ဖြစ်တည်ကာ မီးတောင်ဟောင်း တစ်ခုဖြစ်ခဲ့ဖူးသည့် ဘူမိရုပ်သွင်ထူးခြားသော ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ် (Mount Popa National Geopark)အဖြစ် အဆိုပြုရွေးချယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ပုပ္ပားဆိုသည်မှာ ပါဠိဘာသာ “ပုပ္ပ” ဟူသောဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပြီး ‘ပန်း’ဟူသော အဓိပ္ပာယ်ဖွင့်ဆိုယူဆချက်နှင့် ပုဂံခေတ် အမည်မသိရှေးစာဆိုတစ်ဦး၏ ပုပ္ပားနတ်တောင်ဘွဲ့ လင်္ကာတွင်ပါဝင်သော “ရွှေနှင့်ယိုးမှား ပန်းစကား” တို့နှင့်အညီ စကားဝါပန်းများသည် မြန်မာတို့အစဉ်အဆက် အလေးအမြတ်ထားရာ ပုပ္ပားတောင်ကလပ်တောင်မြတ်၏ အလှ သင်္ကေတပင်ဖြစ်ပါသည်။

ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသသည် “ပုပ္ပ” ဟူသော အမည်နာမနှင့်အညီ ရာသီအလိုက် ပန်းပေါင်းဝေဆာ ဖူးပွင့်လျက်ရှိပြီး ပူပြင်းခြောက်သွေ့သော အပူပိုင်းဇုန်တွင် တည်ရှိနေသော်လည်း သဘာဝစိမ့်စမ်း ရေတံခွန်တို့ဖြင့် အမြဲထာဝရ စိမ်းလန်းစိုပြည်နေပြီး မြင်ရသူများအဖို့ ချမ်းမြေ့ကြည်နူးဖွယ်ရာဖြစ်သဖြင့် ပုပ္ပားနယ်မြေကို အပူပိုင်းဒေသ၏ အိုအေစစ်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ အခြားတစ်ဖက်တွင်လည်း မြေပြန့်လွင်ပြင်တွင် ထီးတည်းရှိနေ သဖြင့် မြင့်မားလှသော တောင်ကြီးတစ်ခုအသွင် ပေါ်နေခြင်းကြောင့်လည်း ပါဠိဘာသာဖြင့် မဟာဂီရိ (တောင်ကြီး) ဟူ၍လည်း ဆိုကြပြန်လေသည်။ ခေတ်သမိုင်းအဆက်ဆက် မြန်မာတို့ ကိုးကွယ်ယုံကြည်ရာ နတ် ၃၇ မင်းတို့ ပျော်စံရာအဖြစ် တစ်နှစ်ပတ်လုံး ယုံကြည်ကိုးကွယ်သူများနှင့် စည်ကားလျက်ရှိပေသည်။


ပုပ္ပားမီးတောင်ကြီး၏ ပထဝီဝင်အခြေအနေနှင့် ဘူမိနောက်ခံ

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းတည်ရှိပြီး ပုပ္ပားတောင်မကြီး၏ အမြင့်မှာ ၄၉၈၁ ပေရှိကာ တောင်ကလပ်မှာ အမြင့် ၂၄၁၇ ပေဖြင့် သီးခြားမတ်စောက်စွာ တည်ရှိနေပါသည်။ တောင်ခြေဧရိယာမှာ ၂၅ စတုရန်းမိုင်ရှိပြီး အနိမ့်ဆုံးပေ ၉၈၀ မှ ၄၉၈၁ ပေ အထိ မြင့်မားသော မီးတောင်ချော် ကျောက်များဖြင့် ဖွဲ့စည်းထားသော တောင်ကုန်းတောင်တန်းများ ပါဝင် ပါသည်။ ပုပ္ပားတောင်ဒေသ၏ သဘာဝပတ်ဝန်းကျင်သည် အပူပိုင်းမိုးနည်း ရပ်ဝန်းဒေသတွင် ထူးခြားစွာ ရပ်တည်နေသော မီးတောင်တစ်ခုဖြစ်သဖြင့် ပတ်ဝန်းကျင်လွင်ပြင် ဒေသထက်မြင့်မားပြီး သစ်တောသစ်ပင်များ ဖုံးအုပ်လျက်ရှိသဖြင့် ပိုမိုအေးမြသော သဘာဝပတ်ဝန်းကျင်ရှိသည့်နေရာ တစ်ခုပင်ဖြစ်ပါသည်။

ပုပ္ပားတောင်ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်တို့မှာ ပုဂံခေတ်မှသည် ရှေးမင်းအဆက်ဆက်တို့ စိတ်ဝင်စား သည့် နေရာတစ်ခုဖြစ်သဖြင့် ရာဇဝင်သမိုင်းကြောင်းများနှင့်အတူ ယဉ်ကျေးမှုတို့ ထွန်းကားရာ နယ်မြေတစ်ခုဖြစ်ပါသည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ပုဂံခေတ်စစ်လက်နက်များပြုလုပ်ရာ မြန်မာ့ရိုးရာ သံချက်ဖိုများ၊ ဆင်ကျုံးများနှင့် ရှင်ဘုရင်တို့၏ စစ်စခန်းများချရာ အဆောက်အအုံအုတ်မြစ်များလည်း ပုပ္ပားဒေသတွင်ရှိကြောင်း လေ့လာသိရှိရပါသည်။

ပုပ္ပားတောင်သည် မြန်မာနိုင်ငံ၏သက်နှောင်းကပ် (Cenozoic Era) နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော အလယ်မီးတောင်ရပ်ဝန်း (Central volcanic line)တွင် ပါဝင်သည့် မီးတောင်ဟောင်း တစ်ခုဖြစ်ကာ သမိုင်းမတင်မီခေတ်ကပင် မီးတောင် ဖြစ်စဉ် ပြီးဆုံးခဲ့ဟန်ရှိပါသည်။ ပုပ္ပား တောင်မကြီးသည် မူလက မီးတောင်ကတော့ ပုံသဏ္ဌာန်ရှိနေရာမှ နောက်ဆုံးအကြိမ် ပေါက်ကွဲမှုကြောင့် မြောက်ဘက်မျက်နှာသည် ပွင့်ထွက်သွားပြီး မြင်းခွာပုံ (တစ်ဖက်ပွင့် မီးတောင်) အဖြစ်တည်ရှိနေခြင်းဖြစ်ပါသည်။ ပွင့်ထွက်နေသော မီးတောင်ဝနှုတ်ခမ်းတစ်လျှောက်တွင် တောင်ထွတ်များအနေဖြင့် ဆေးမွှေ တောင် ပင်လယ်ပြင်ထက်အမြင့် ၄၅၀၁ ပေ၊ စပါးပုံတောင် ၄၈၀၁ ပေ၊ မှန်ပြတောင် ၄၉၈၁ ပေ အသီးသီးတွေ့ရှိရပါသည်။ မီးတောင်ခုံး၏ အခြေ သည် ပေ ၃၀၀၀ခန့်တွင် တည်ရှိပါသည်။ ပုပ္ပားတောင်မကြီး၏ အနောက်ဘက် တောင်စောင်းတွင် မီးတောင်ပွားတစ်ခု၏ လည်တိုင်ဖြစ်သော မတ်စောက်ပြီး ထီးတည်းဖြစ်နေသည့် တောင်ကလပ် တစ်ခုလည်း တည်ရှိပါသည်။ ပုပ္ပားတောင်ကလပ်သည် အရှေ့တောင်အာရှ အတွင်း ဘူမိရုပ်သွင်ထူးခြားသော ရင်သပ်ရှုမောဖွယ်လှပသော မီးတောင်လည်တိုင်တစ်ခုဖြစ်ပါသည်။ မြန်မာ နိုင်ငံအတွင်းမှလွဲ၍ အခြားအာရှနိုင်ငံများတွင် ယင်းကဲ့သို့လှပပြီး ဘူမိဖြစ်စဉ်အရ စိတ်ဝင်စားဖွယ် မီးတောင်လည်တိုင်မျိုး မတွေ့ရှိရပေ။

ပုပ္ပားတောင်မကြီးသည် ယခင်က မီးတောင်ကြီးဖြစ်ခဲ့ခြင်းကြောင့် အဓိက မီးတောင်ကျောက်များအနေဖြင့် အင်ဒီဆိုက် (Andesite)၊ ဗဆော့ (Basalt)၊ ချော်စပေါင်းကျောက် (Pyroclastic rock)၊ မီးတောင်ပြာ (Volcanic Ash)များကို တွေ့ရှိရပြီး မီးတောင်ထိပ်ဝနှင့် မြောက်ဘက် ပွင့်ထွက်ရာအပိုင်းတွင် ချော်မှုန့်ကျောက် (Tuff)၊ ချော်ခဲကျောက် (Agglomerate)၊ မီးတောင် ဗရက်ရှာကျောက် (Volcanic Breccia)နှင့် ချော်စီးကြောင်း (Lava flow)၊ တို့ကို တွေ့ရှိရပါသည်။ တချို့ နေရာများတွင် မီးတောင်ပြာလွှာများကို ချော်ခဲကျောက်လွှာများနှင့် လွှာထပ် လျက်တွေ့ရှိရပါသည်။

ပုပ္ပားမီးတောင်၏ သက်တမ်းနှင့်ဒေသအတွင်း တွေ့ရှိရသော ကျောက်များ ပုပ္ပားမီး‌တောင်၏ သက်တမ်းနှင့်ပတ်သက်၍ အစောဆုံးခန့်မှန်းမှုအနေ ဖြင့် Dr.H.L. Chhibber ၏ ၁၉၂၇ ခုနှစ် ခန့်မှန်းချက်မှာ ပုပ္ပားတောင်၏ နောက်ဆုံးပေါက်ကွဲမှုမှာ နှစ်ပေါင်း သုံးသိန်းခန့်ကဟု ခန့်မှန်းခဲ့ပါသည်။ ဘူမိဗေဒအရ အချို့နေရာများတွင် နှစ်ပေါင်းနှစ်သန်းမှ သုံးသန်းခန့် သက်တမ်းရှိသော ဧရာဝတီကျောက်လွှာစု (Irrawaddy Formation) အထက်ပိုင်းရှိ သဲကျောက်လွှာများနှင့် ပုပ္ပားမီးတောင် ကျောက်လွှာစဉ်၏ အောက်ပိုင်းရှိ မီးတောင်ပြာလွှာများ၊ ချော်မှုန့် ကျောက်လွှာများ၊ ချော်ခဲကျောက်လွှာများနှင့် လွှာထပ်လျက်တွေ့ရှိရခြင်းကြောင့် ပုပ္ပားဒေသ၏ မီးတောင်ဖြစ်စဉ်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်သန်းမှသုံးသန်းခန့်ကာလ ပလိုင်အိုဆင်းယုဂ် (Pliocene Epoch) အတွင်းက စခဲ့သည် ဟု ယူဆရပါကြောင်း ဒေါက်တာဦးသိန်း ၏ ၁၉၈၁ ခုနှစ် တောင်တော်ပုပ္ပား ဆောင်းပါးတွင် ဖော်ပြထားပါသည်။

အခြားတစ်ဖက်တွင်လည်း ပုပ္ပားမီးတောင်သည် အကြိမ်ကြိမ်ပေါက်ကွဲခဲ့သဖြင့် နောက်ဆုံးပေါက်ကွဲချိန်မှာ နှစ်ပေါင်း ၈၀၀၀ မှ ၁၀၀၀၀ ခန့်က ဖြစ်ကြောင်းနှင့် ပုပ္ပားတောင်မကြီး၏ အရန်မီးတောင်လည်တိုင် တစ်ခုဖြစ်သော တောင်ကလပ်သည် လွန်ခဲ့သောနှစ်ပေါင်း ရှစ်သိန်းမှ ခြောက်သိန်း ဝန်းကျင်ခန့်အတောအတွင်းက ဖြစ်ပေါ် ခဲ့ကြောင်း ဘူမိဗေဒပညာရှင်များ ဖြစ်သော A. Belousov et. al., (၂၀၁၈) နှင့် Takashi Sano et. al., (၂၀၂၂) တို့၏ သုတေသနစာတမ်းများတွင် ဖော်ပြ ထားသည်ကိုလည်း လေ့လာတွေ့ရှိရပါ သည်။

ပုပ္ပားမီးတောင်ကြီး၏ အောက်ခြေခံ ကျောက်လွှာတစ်ခုဖြစ်သည့် ဧရာဝတီကျောက်စဉ်စုမှ သဲကျောက်လွှာများသည် ဘူမိဥယျာဉ်အတွက် အရေးပါသော ကျောက်ပင်ဖြစ်သည်။ ထို့အတူ ဧရာဝတီ ကျောက်စဉ်စု၏ သဲကျောက်လွှာများအတွင်း ဘူမိဗေဒနှင့် ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်တို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်များ (အင်ကြင်းကျောက်)နှင့် ကျောရိုးရှိသတ္တဝါများ အထူးသဖြင့် ရှေးဟောင်းဆင်ကြီးများ၏ မေးရိုး၊ သွားနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကျွဲ၊ နွားအနွယ်ဝင်သတ္တဝါတို့၏ ရုပ်ကြွင်း များနှင့် မိကျောင်း၊ လိပ်တို့၏ ကျောရိုး များကို တွေ့ရှိရပါသည်။

ပုပ္ပားတောင် အနောက်ပိုင်းရှိ ကိုးကွေ့နှင့်ဒေါင်းယူကြိုးဝိုင်းတို့သည် ကျောက်ဖြစ် ရုပ်ကြွင်းသစ်ပင်များ၊ သစ်တောကြီးနှင့် ရှေးဟောင်းသတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများဖြင့် ဖုံးလွှမ်းနေသော ဒေသကြီးဖြစ်ပါသည်။ ထို့ပြင် ပုပ္ပားတောင် အမျိုးသားဘူမိ ဥယျာဉ်အတွင်း မီးတောင်ဖြစ်ထွန်းမှုနှင့် ဆက်စပ်၍ သတ္တုဖြစ်ထွန်းမှုများအနေဖြင့် စက်မှုကုန်ကြမ်းများဖြစ်သည့် မင်းဂနိစ်၊ မြေဖယောင်း၊ ပိုဇိုလန် (မီးတောင်ပြာ) တို့ကို တွေ့ရှိရပြီး တန်ဖိုးရှိ ရွှေနှင့် ကြေးနီသတ္တုသိုက် များလည်း ဖြစ်ထွန်းနိုင်ပါကြောင်း ဘူမိဗေဒဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။


သစ်တောနှင့် ဇီဝမျိုးကွဲကဏ္ဍ

သစ်တောဦးစီးဌာနအနေဖြင့် ပုပ္ပားတောင် သစ်တောဥယျာဉ်ကို ၁၉၉၃ ခုနှစ်တွင် အများပြည်သူများ လေ့လာ အပန်းဖြေရန် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ် အတွင်း ပရဆေးဥယျာဉ်နှင့် ပြခန်းတည်ထောင်၍ ပုပ္ပားတောင်ဒေသ၏ ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပြသထားပါသည်။ စန္ဒကူးတောအနေဖြင့် ၁၉၅၇-၅၈ ခုနှစ်တွင် သစ်တောမင်းကြီးဟောင်း ဦးစုစတင်စိုက်ပျိုးရာမှ ဖြစ်ပေါ်လာသော စန္ဒကူးတောအတွင်း မြန်မာ့ရွှေသမင်များ မွေးမြူ၍ ကာကွယ်ထိန်းသိမ်းထားရှိပါသည်။ ထို့အပြင် ပုပ္ပားမီးတောင် ချိုင့်ဝှမ်းအတွင်း ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ပုပ္ပားမျောက်မြီးရှည် (Popa Langur) များကို ကာကွယ် ထိန်းသိမ်းထားသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။


ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ

ပုပ္ပားဒေသသည် ပုဂံခေတ်သမိုင်းကြောင်းများနှင့် နီးကပ်စွာဆက်စပ်လျက်ရှိရာ ပုပ္ပားတောင်၏ အနောက်တောင်ဘက်ရှိ သံဖိုရွာဝန်းကျင်တွင် ပုဂံခေတ်ကဟု ယူဆရသော သံချက်ဖိုဟောင်းနေရာများကိုလည်း လေ့လာတွေ့ရှိရပါသည်။ ကျေးရွာဝန်းကျင်ရှိ ဧရာဝတီကျောက်လွှာစုမှ သဲကျောက်လွှာများအတွင်း၌လည်း တိရစ္ဆာန်များနှင့် အပင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း အရွယ်အစားအမျိုးမျိုး ဖြင့် တွေ့ရှိရခြင်းကြောင့် အတိတ်သမိုင်း ဆိုင်ရာဘူမိပတ်ဝန်းကျင်နှင့် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် များစွာစိတ်ဝင်စားစရာ ကောင်းသော နေရာတစ်ခုအနေဖြင့် တွေ့ရှိရပါသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)