နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ (၂၉)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ (၂၉)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ











MNP ၊ ဒီဇင်ဘာ  ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ (၂၉)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ ဒုတိယအဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး)တို့မှ သင်ကြားစီမံဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ပရိသတ်အပေါင်းတို့က နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ ဒုတိယအဓိပတိ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ယနေ့ဘွဲ့ခံယူကြသည့် သာသနာ့အာဇာနည်တို့သည် ပရိယတ် ပဋိပတ်တရားများကို နှစ်ရှည်လများ ကြိုးစားအားထုတ် သင်ယူခဲ့ကြပြီးဖြစ်၍ သာသနာတော်အတွက် များစွာအထောက်အပံ့ပြုနိုင်သော အရည်အချင်းနှင့်ပြည်စုံသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အားလျော်စွာ "ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနု ကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ" ဟူ၍ ဘုရားရှင်ဝိနည်းမဟာဝါပါဠိတော်၌ ညွှန်ပြတော်မူသော သာသနာပြုနည်းနှင့်အညီ မိမိတို့သာသနာပြုကြွရာ၌ အများသူငါ သတ္တဝါတို့ အကျိုးစီးပွားချမ်သာများရရှိကြစေရန် မိမိတို့တတ်သိနားလည်ထားသည်ကို ပိုမိုတတ်သိ နားလည်အောင် လေ့လာသင်ယူကြပြီး အခြားပုဂ္ဂိုလ်များကိုလည်း တတ်သိနားလည်အောင် ဟောပြောပြသ ဆိုဆုံးမကြရန်နှင့် မိမိတို့ကိုယ်တိုင် သိက္ခာသုံးရပ်အကျင့်မြတ်တို့နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်မြတ်များအဖြစ် ပြည်တွင်း/ပြည်ပနှစ်ဌာနတို့၌ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော် မူကြပါရန်ဖြင့်" သာရဏီ ယဩဝါဒကထာမြွက်ကြားသည်။

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက "ယနေ့အပ်နှင်းလိုက်သည့် ဘွဲ့တံဆိပ်များသည် စာတွေ့ပိုင်းအနေဖြင့် တစ်စိတ်တစ်ဒေသပြီးဆုံးပြီဟု အဓိပ္ပာယ်သက်ရောက်သော်လည်း လက်တွေ့ပိုင်းအနေဖြင့် ယခုအချိန်မှသာ စတင်မည်ဖြစ်ပြီး မိမိတို့ကျင်လည်ကူးခပ်နေသည့် နယ်ပယ်တွင် ဝမ်းစာပြည့်နေရန် အထူးလိုအပ်လှကြောင်း၊ စဉ်ဆက်မပြတ် သင်ယူလေ့လာမှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုကြောင်း" သမ္မောဒနီယဩဝါဒကထာ မြွက်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ ထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) မော်ကွန်းထိန်း ဆရာတော်တို့က ဘွဲ့တံဆိပ်တော်ခံယူကြမည့် သာသနာ့တက္ကသီလ ဓမ္မပါရဂူ(Ph.D)ဘွဲ့ရ (၁)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့ရ(၁၀)ပါး၊ သာသန တက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့ရ (၂၈)ပါးတို့၏ ဘွဲ့တော်များကိုကြေညာ၍ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံတွင် ဘွဲ့ခံယူကြသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) မော်ကွန်းထိန်း ဆရာတော်က သာသနာ့တက္ကသီလမဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့်ရဟန်းတော်များနှင့် သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များအား တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခချုပ်ဆရာတော်များထံ ဘွဲ့ခံယူပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိဆရာတော်ကြီး ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အမှူးပြုသော ပင့်သံဃာ(၄၉)ပါး၊ ဘွဲ့ခံရဟန်း(၃၉)ပါး၊ စုစုပေါင်း (၈၈)ပါးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ (၂၉)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်တွင် သာသနာ့တက္ကသီလ ဓမ္မပါရဂူ(Ph.D)ဘွဲ့ရ(၁)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism) ဘွဲ့ရ(၁၀)ပါး၊ သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့ရ(၂၈)ပါး၊ စုစုပေါင်းဘွဲ့ရ အရှင်မြတ်(၃၉)ပါး ဘွဲခံယူခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ (၂၉)ကြိမ်မြောက်အထိ ဘွဲ့ခံယူကြသည့် ရဟန်းတော် စုစုပေါင်း(၃၁၉၄)ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)