ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်များ စတင်စိုက်ပျိုးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်များ စတင်စိုက်ပျိုးလျက်ရှိ


MNP ၊ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းရာသီ သီးနှံအဖြစ် ချောင်းကြက်သွန်/ ကုန်းကြက်သွန်များ စတင်စိုက်ပျိုး လျက်ရှိကြောင်း သိရပြီး ကြက်သွန်ဈေး ကောင်းမွန်သဖြင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုးများပြားကြောင်းနှင့် ကြက်မောက်တောင်ဆည်ဝန်းကျင် ကျေးရွာများ၊ ပင်းချောင်းလွင်ပြင် ကျေးရွာများနှင့် ပုပ္ပားတောင်မကြီးမြောက် ဘက်ဒေသကျေးရွာအချို့တို့တွင် ကြက်သွန်စိုက်တောင်သူများ လုပ်ငန်းခွင် ဝင်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များကို ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ မုန်ကုန်း၊ ညောင်ချိုင်း (တောင်)၊ ညောင်ချိုင်း(မြောက်)၊ စည်ပင်သာ၊ ကိုင်းနှင့် ညောင်ပင်သာ ကျေးရွာများတွင် စိုက်ပျိုးကြကြောင်းနှင့် ပင်းချောင်းဝန်းကျင်ကျေးရွာများဖြစ်သည့် ရေဆုံး၊ စည်ပင်၊ မလွှကုန်း၊ ကျွဲကူး၊ ဥယျာဉ် အစရှိသည့် ကျေးရွာများတွင် စိုက်ပျိုးကြသည့်အပြင် ပုပ္ပားတောင်မကြီး မြောက်ဘက်ရပ်ဝန်းဒေသရှိ ကျေးရွာများ ဖြစ်သော စိတ္ထိန်းတောင်၊ စိတ္ထိန်းမြောက်၊ ခံကုန်း၊ ဆုံကုန်း၊ ကျားနေအိုင့်၊ လယ်ကြီး အစရှိသည့် ကျေးရွာ များတွင်လည်း အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။ ကြက်သွန်စိုက်ပျိုးရန်အတွက် ကြက်သွန်စိုက်တောင်သူများက သီတင်းကျွတ်လပြည့်ကျော်သည့်အချိန်မှ စတင်၍ ကြက်သွန်မျိုးစေ့ ဝယ်ယူပျိုးထောင်ကြရကြောင်း သိရပြီး အချို့တောင်သူများကမူ မျိုးစေ့ကို ကိုယ်တိုင်စုဆောင်း ထားရှိ ကြောင်း သိရသည်။ ပျိုးထောင်ချိန်တွင် စိတ္ထိန်း(တောင်)/(မြောက်) ကျေးရွာများမှ ဒေသအခေါ် ကျော်မင်းမျိုးနှင့် စဉ့်အိုးမျိုးများကို မျိုးစေ့တစ်ပြည်လျှင် ငွေကျပ်(၁)သိန်းခန့် ပေးဝယ်ယူကြရကြောင်းနှင့် မြစ်သားမြို့နယ်မှ လာသည့် မြစ်သားမျိုးရင်း (၁)ပြည်လျှင် ငွေကျပ် ၁၂၀၀၀၀ ခန့် ပေးဝယ်ယူခဲ့ရကြောင်း သိရသည်။ ကြက်သွန်တစ်ခုံလျှင် အရှည် ၁၀ ပေမှ ပေ ၂၀ ခန့်ရှိ၍ အကျယ်မှာ ၄ ပေခန့်ရှိကြောင်းနှင့် ၎င်းပေါင်ပေါ်တွင် ကြက်သွန်တစ်တန်းနှင့် တစ်တန်း တစ်ထောင့်ထွာ အကွာစိုက်ပျိုးကြပြီး အလယ်တွင် မျိုးယူမည့်ဥကို ထည့်သွင်းစိုက်ပျိုးကြကြောင်း သိရသည်။ ကြက်သွန်းစိုက်ပျိုးချိန်တွင် နေ့စားအလုပ် သမားခမှာ တစ်နေကုန် ကျပ် ၆၀၀၀ ဖြစ်ပြီး ကြက်သွန်ခင်းတွင် အဓိကအသုံးပြုသည့် သဘာဝ မြေဩဇာဖြစ်သော နွားချေးမှာ ထော်လာဂျီ တစ်စီးတိုက်ကို ကျပ် ၆၀၀၀၀ ပေးရကြောင်းနှင့် ငုံးချေးမှာ တစ်တင်းခွဲဝင်အိပ်တစ်လုံးလျှင် ၉၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 ကြက်သွန် စိုက်ခင်း တစ်ဧကစာအတွက် အသုံးပြုသည့် သဘာဝမြေဩဇာမှာ နွားချေး ၅ စီး၊ ဖော့်စဖိတ်မြေဩဇာ တစ်လုံးနှင့် ငုံးချေး ၁၀ အိပ်ခန့်အသုံးပြု ရကြောင်း သိရသည်။

ကြက်သွန်းဈေးမှာ ယမန်နှစ်က ပေါ်ဦးပေါ်ဖျား တစ်ပိသာ ကျပ် ၅၀၀ မှ တစ်ထောင်ကျော်အထိ ဈေးရှိခဲ့ကာ ယခုအချိန်တွင် တစ်ပိသာကျပ် ၃၅၀ ကျပ် ဖြစ်ကြောင်းသိရပြီး ကြက်သွန်ဈေးကောင်းသဖြင့် စိုက်ပျိုးသူ ပိုမိုများပြားလာကြောင်းနှင့် စိတ္ထိန်းတောင်ကျေးရွာနှင့် စိတ္ထိန်းမြောက် ကျေးရွာ ၂ ရွာမှာပင် စိတ္ထိန်းချောင်းပြင်အတွင်း စုစုပေါင်း ဧက ၁၃၀၀ ခန့် စိုက်ပျိုးထားရှိကြောင်းနှင့် နှစ်စဉ်ကြက်သွန် ပိဿာချိန် ၃ သိန်းကျော် ထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူ ဦးဟံထွန်းက ပြောသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)