ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်




MNP ၊ ဒီဇင်ဘာ  ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် သည် ယမန်နေ့က တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမျှော်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားသို့ သွားရောက်၍ ခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများအဆင်ပြေစေရေး  ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရေး ကြိုးစားကြရန်မှာကြားသည်။


အလားတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့ ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်၍ ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကျောင်းသို့ သွားရောက်၍ ခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်ပြီး ဘုရားဖူးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် တာချီလိတ်မြို့ရှိ ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍  ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကာ မြစ်တွင်းအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်မှုကို လှည့်လည်ကြည့်ရှုသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်းဟိုတယ်၌ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိကြောင်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ခရီးသွားပိုမိုဝင်ရောက်ရေးအတွက် ဈေးကွက်ရှာဖွေရေးကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ကြရမည်ဖြစ်ပြီး ခရီးသွားများကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။


ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားသို့ သွားရောက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများ၌ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များနှင့် နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဖော်ဆောင်နိုင်ရေး  ကြည့်ရှုစစ်ဆေးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)