မြန်မာ့နိုင်ငံရေးအပေါ် အမြတ်ထုတ်ဖို့ ကြိုးစားတာလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့နိုင်ငံရေးအပေါ် အမြတ်ထုတ်ဖို့ ကြိုးစားတာလား



ကိုပြည်


ဘင်္ဂါလီအရေးအပါအဝင် မြန်မာ့ပြည်တွင်းရေးပြဿနာတချို့ကို အကြောင်းပြပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေက အထင်အမြင်လွဲမှားအောင် ပြောဆိုခဲ့တဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီ (Achmad Hafisz Thohir)ရဲ့ ပြောကြားချက်တွေကို ASIATODAY.ID သတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။


တည့်တည့်ပြောရရင် သူ့ရဲ့တိုက်တွန်းချက်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအစည်းအဝေး တွေကနေ အထီးကျန်ထားဖို့၊ လက်နက်ရောင်းချမှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့၊ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကျူးလွန်သူတွေကို ပြည်ဝင်ဗီဇာပိတ်ပင်တာတွေလုပ်ဖို့ဆိုတဲ့ အချက် တွေကို တိုက်တွန်းထားတာ တွေ့ရပါတယ်။ လက်ရှိမြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီအရေးကို အာရုံစိုက်မှု မရှိဘူးလို့လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲနဲ့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် အခုလို လျစ်လျူရှုမှုဟာ ဘင်္ဂါလီလူမျိုးတွေ ရဲ့ ကံကြမ္မာကို ပိုဆိုးလာစေပြီး ဒီလိုဖြစ်ရတာဟာ မြန်မာအစိုးရတာဝန်ရှိသူတွေက ဘာတာဝန်ယူမှုမှ မရှိသလို ဘင်္ဂါလီတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကိုလည်း ဆက်ပြီး လျစ်လျူရှုထားတယ်လို့ လည်း ဆိုပြန်ပါတယ်။ အဲဒီစကားတွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဝေဖန်လေ့ရှိသူတချို့ ပြောနေကျစကားတွေဖြစ်လို့ ဆီသည်မလက်သုတ်လို သိပ်တော့လည်း မထူးဆန်းဘူးလို့ ဆိုရမှာပါ။


အာမတ် ဟာဖစ် တိုဟီက ဘာကြောင့် ဒီလိုပြောတာလဲဆိုတာ စဉ်းစားကြည့်တော့ ဒီဇင်ဘာလ ပထမပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ကိုဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကိုရောက်လာတဲ့ ဘင်္ဂါလီတွေကို လက်မခံနိုင်တာကြောင့် ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဆန္ဒပြကြတဲ့အပေါ် နိုင်ငံရေးအမြတ်ထုတ်လိုတာကြောင့် ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။


ဘယ်သူတွေက လူနည်းစုလဲ

အာမတ် ဟာဖစ် တိုဟီရဲ့ မူရင်းပြောဆိုချက်မှာ ရိုဟင်ဂျာလို့ ဖော်ပြထားပါတယ်။ ပထမဆုံးသိဖို့ လိုတာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးဆိုတာပါပဲ။ ဒီလိုဘာကြောင့် ပြောရသလဲ ဆိုရင် အင်မတန်မှ စည်းစနစ်ကြီးလှပါတယ်ဆိုတဲ့ နေမဝင်အင်ပါယာ ထူထောင်ခဲ့ကြတဲ့ နယ်ချဲ့ဗြိတိသျှတွေကိုယ်တိုင် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာတောင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်မပါပါဘူး။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးဆိုတဲ့ မူဝါဒဟာ မြန်မာအစိုးရအဆက်ဆက် ကိုင်စွဲလာခဲ့တာဖြစ်ပါတယ်။ အာမတ် ဟာဖစ် တိုဟီ အပါအဝင် မြန်မာနိုင်ငံအကြောင်း ခြေခြေမြစ်မြစ်မသိဘဲ မြန်မာအစိုးရကို ဝေဖန်လေ့ရှိတဲ့သူတွေ မကြာခဏ ပြောလေ့ရှိတဲ့စကားက ဘင်္ဂါလီတွေကို လူနည်းစုလို့ ဆိုကြပါတယ်။ ဘူးသီးတောင်၊ မောင်တော သွားကြည့်ရင် ဘင်္ဂါလီက လူများစုဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒေသခံတွေကတောင် လူနည်းစု လို ဖြစ်နေပါတယ်။ သူပြောသလို လူမျိုးတုံးသတ်ဖြတ်မှုသာရှိရင် အဲဒီလောက် လူဦးရေများ လာပါ့မလားဆိုတာ လောဂျစ်နည်းကျကျ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ သမိုင်းမသိ၊ မြေပြင် မကြည့်ဘဲ ပြောနေတော့ အခြေအနေမှန်တွေနဲ့ ကင်းကွာသွားတာ ဖြစ်ပါတယ်။


အမြတ်မထုတ်နဲ့

လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက ဖြစ်ပါတယ်။ နိုင်ငံကို တရားစွဲတာဖြစ်လို့ ဘယ်အစိုးရတက်တက် ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိမြန်မာအစိုးရကလည်း ဒီအမှုကို ဥပဒေကြောင်းအတိုင်း စနစ်တကျ ရင်ဆိုင်ဖြေရှင်းနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီလူမျိုးတွေကိုလည်း စိစစ်လက်ခံဖို့ ကြိုဆိုရေးစခန်း တွေနဲ့ စနစ်တကျ ပြင်ဆင်ထားသလို တစ်ဖက်နိုင်ငံနဲ့လည်း အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။


ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတကာမှတစ်ဆင့် တောင်းဆို၍ လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်းမရှိပါ။ မိမိတို့ အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်းမရှိဟု ပြောကြားနေခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခဲ့သည့် အထောက်အထားပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ကြောင်း” (၁၇-၈-၂၀၂၂)ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာလည်း ပြောကြားထားပြီးဖြစ်ပါ တယ်။


ဒါပေမဲ့ တစ်ဖက်နိုင်ငံရဲ့ ဒုက္ခသည်စခန်းဆိုတဲ့အထဲမှာ အကြမ်းဖက်သမားတွေက စိမ့်ဝင်ပြီး မြန်မာနိုင်ငံဘက် ပြန်လိုကြတဲ့ ဘင်္ဂါလီတွေကို အမျိုးမျိုးခြိမ်းခြောက် နှောင့်ယှက်နေကြတာကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်သွားရမယ့် ကိစ္စရပ်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသစွာ ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလို ဖိအားပေးသလိုလို၊ ခြိမ်းခြောက်သလိုလို ပြောတာတွေဟာ တကယ့်လက်တွေ့မှာ အလုပ်ဖြစ် မှာ မဟုတ်ပါဘူး။


ဘင်္ဂါလီတွေဟာ နိုင်ငံသားမဟုတ်လို့၊ တိုင်းရင်းသားမဟုတ်လို့ ခွဲခြားဆက်ဆံမှုရှိသလား မေးရင် မရှိပါဘူးလို့ပဲ လိုတိုရှင်းဖြေရမှာဖြစ်ပါတယ်။ တိုင်းရင်းသားဆိုတာ ဖန်တီးယူလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံသားဆိုတာကတော့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင်ရမှာဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလည်း နိုင်ငံသားဖြစ်ဖို့ဆိုတာ လွယ်လွယ်နဲ့ရတတ်တာမျိုးမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ဆိုတာရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားဆိုပြီး ဖော်ပြထားတာရှိပါတယ်။ ဘင်္ဂါလီတွေထဲ ကလည်း သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေဟာ နိုင်ငံသားပြုခွင့်ရနိုင်တာ ဖြစ်ပါတယ်။ မကြာသေး ခင်ကပဲ ရခိုင်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းတဲ့အတွက် အသေအပျောက်နည်းခဲ့ပေမယ့် အပျက်အစီးကတော့များပါတယ်။ ဒီအတွက်လည်း မြန်မာအစိုးရက တိုင်းရင်းသားရယ်၊ ဘင်္ဂါလီရယ် ခွဲခြားမှုမရှိဘဲ တစ်ပြေးညီ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်ခံရသူအားလုံးရဲ့ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီးတွေကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံတိုင်းမှာတော့ ပြဿနာတွေဟာ အနည်းနဲ့ အများသာ ကွာမယ်၊ ပုံစံအမျိုးမျိုးနဲ့တော့ ရှိနေကြ တာပါပဲ။ ဒါဟာ ပြည်တွင်းရေးကိစ္စတွေဖြစ်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ဖို့ မသင့် ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာတမ်းမှာရော အာဆီယံရဲ့ ပဋိညာဉ်မှာပါ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရဘူးလို့ အတိအလင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါမျိုးတွေဖြစ်လာနိုင်တာကြောင့် ပဋိညာဉ် ရေးဆွဲသူတွေက အမြော်အမြင်ရှိရှိ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတိုင်းဟာ ပဋိပက္ခနွံထဲကနေ ထွက်လာခဲ့ကြတဲ့ နိုင်ငံတွေပါပဲ။ တစ်နိုင်ငံ ချင်းစီအလိုက် ကျင့်သုံးတဲ့စနစ်တွေကလည်း မတူကြပါဘူး။ ဒါကြောင့် မတူညီတဲ့စနစ်တွေရှိတဲ့နိုင်ငံတွေ၊ မတူညီတဲ့ပဋိပက္ခတွေရှိတဲ့ နိုင်ငံတွေကြားမှာ အာဆီယံဆိုတဲ့ အသိုက်အဝန်းအောက်ကနေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုရင် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အာဆီယံပဋိညာဉ်ကို ချိုးဖောက်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အာဆီယံအနေနဲ့ ဘယ်လိုအရေးယူပါဆိုပြီး တိုက်တွန်းတာမျိုးဟာ နောင်မှာ ကိုးကားစရာဖြစ်လာပြီး အာဆီယံအသင်းမှာ သွေးကွဲစရာတွေ ဖြစ်လာပါလိမ့် မယ်။


အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ အာမတ် ဟာဖစ် တိုဟီဟာ ဒါတွေကို နားလည်ပြီးသား အရည်ကျိုသောက်ထားပြီးသားသူ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အာဆီယံပဋိညာဉ်ကို မျက်ကွယ်ပြုပြီး ပြည်တွင်းနိုင်ငံရေးမှာ အာရုံ စိုက်ခံလိုမှု၊ တစ်ကိုယ်ရေထင်ပေါ်လိုမှုနဲ့ မြန်မာကို ခေါင်းစဉ်လာတပ်လိုက်တာလို့ပဲ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင်ပဲ အင်ဒိုနီးရှားအထွေထွေရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ဘင်္ဂါလီကိစ္စနဲ့ အချိန်ကိုက် မဲဆွယ်စည်းရုံးပြီး အမြတ်ထုတ်လိုက် ခြင်းသာဖြစ်မယ်လို့ ယူဆပါတယ်။ မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ပြီး အမြတ်မထုတ်ဖို့ သတိပေးလိုပါတယ်။


အင်ဒိုနီးရှားနိုင်ငံ Maluku ကျွန်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်လောက်အထိ မွတ်စလင်− ခရစ်ယာန်ဘာသာနှစ်ခုကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲဒီပဋိပက္ခကြောင့် ပြည်သူ တစ်ထောင်ဝန်းကျင် သေဆုံးခဲ့ပြီးတော့ တစ်သောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ဖူးတယ်ဆိုတာ အာမတ် ဟာဖစ် တိုဟီတစ်ယောက် မမေ့လောက်သေးဘူးလို့ ထင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်စလင်ဘာသာဝင် အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုပဋိပက္ခဖြစ်တဲ့အချိန်မှာ မွတ်စလင် ဘာသာဝင်အများစုနဲ့ ခရစ်ယာန်ဘာသာဝင်အနည်းစုရှိတဲ့ အသိုက်အဝန်းကြား ပဋိပက္ခမဖြစ်အောင် မတားဆီးနိုင်ဘူးလား၊ အင်ဒိုနီးရှားတာဝန်ရှိသူတွေ ဒီအပေါ် အာရုံစိုက်မှုမရှိဘူး၊ အင်ဒိုနီးရှားအစိုးရက ဒီကိစ္စကို မျက်ကွယ်ပြုထားလား၊ အင်ဒိုနီးရှားအစိုးရကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေပြီဆိုပြီးတော့ အာဆီယံနိုင်ငံ တစ်နိုင်ငံကဖြစ်စေ၊ ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့နိုင်ငံကဖြစ်စေ တိုက်တွန်းခဲ့ရင် အာမတ် ဟာဖစ် တိုဟီ ဘယ်လိုတုံ့ပြန်မှာလဲ။ အဲဒီအချိန်က အာဆီယံနိုင်ငံထဲကရော အခြားပြင်ပနိုင်ငံတွေကပါ အာမတ် ဟာဖစ် တိုဟီရဲ့ မြန်မာ အစိုးရအပေါ် ပြောသလိုမျိုးပြောတာ မတွေ့ခဲ့ရပါဘူး။


မြန်မာအစိုးရအဆက်ဆက်ကတော့ ကိုယ်ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းရဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် တစ်စုံတစ်ရာ ဝေဖန်တာမျိုး မရှိခဲ့ပါဘူး။ အခုလည်း မရှိသလို နောင်လည်းရှိလာမှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ မြန်မာအစိုးရအနေနဲ့ အထိမခံ ရွှေပန်းကန် လို မဟုတ်ပါဘူး။ မဝေဖန်ရဘူး မဟုတ်ပါဘူး။ ပြဿနာတစ်ရပ်ကို ပိုပြီးကြီးထွားလာအောင် လှုံ့ဆော် ပေးတာမျိုးထက် အပြုသဘောဝေဖန်ထောက်ပြတာမျိုးဖြစ်ဖို့လိုပါတယ်။ ပြဿနာတစ်ရပ် ပြေလည်ရေးကို ဦးတည်တဲ့ အပြုသဘောဝေဖန်ထောက်ပြတာမျိုးကို ကြိုဆိုပါတယ်။ ဒီလိုမဟုတ်ဘဲ ငယ်တဲ့ အမှုကြီးအောင်၊ ကြီးတဲ့အမှုရှင်းမရအောင် လှုံ့ဆော်တဲ့ဝေဖန်မှုမျိုး၊ အာဆီယံပဋိညာဉ်ကို ကျော်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဝေဖန်မှုမျိုးကိုတော့ လက်ခံနိုင်မှာမဟုတ်ပါဘူး။


အာမတ် ဟာဖစ် တိုဟီအနေနဲ့ ဆန္ဒရှိရင် မြန်မာနိုင်ငံကို လာလည်လို့ရပါတယ်။ တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအတွက် ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာ သိချင်ရင် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလို့ရပါတယ်။ အပြုသဘော အကြံပေးလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလို ကိုယ်သိတာလေးနဲ့ ကိုယ်ထင်ရာ ပြောနေရင်တော့ ဖြစ်ရပ်မှန်နဲ့ ဝေးနေဦးမှာဖြစ်ပါတယ်။ အာမတ် ဟာဖစ် တိုဟီကို ပြောချင်တာက သမိုင်းကိုသိ၊ မြေပြင်ကိုကြည့်ပြီးမှ ဝေဖန်ရေးလုပ်ပါ ဆိုတာပါပဲ။ ဒီလိုမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေး အမြတ်ထုတ်လိုတာတစ်ခုတည်းနဲ့ အာဆီယံရဲ့ပဋိညာဉ်ကို ချိုးဖောက်တာမျိုး မဖြစ်ရလေအောင် သတိပြုသင့်ပါတယ်။ ဆိုလိုရင်းပြောရရင် မြန်မာ့နိုင်ငံရေးကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား လို့ ရွေးကောက်ပွဲအကြို စစ်တမ်းထုတ်ပြီး မေးလိုက်ချင်ပါတယ်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)