MNP ၊ ဇန်နဝါရီ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့က အမျိုးသားပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာသည့် Nay Pyi Taw State Academy မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ၍ အမှာစကားပြောကြား သည်။
ဒုတိယဝန်ကြီးက ပြတိုက်များသည် Informal Learning System ဖြင့် အသိပညာဗဟုသုတများကို ပေးသည့်နေရာဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာများတွင် သင်ကြားသည့် အကြောင်းအရာများကို လက်တွေ့လေ့လာသိရှိနိုင်ကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)သည် ကမ္ဘာပေါ်တွင် အစောဆုံးဟု သတ်မှတ်ထားသည့် လူတူပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများကို လေ့လာတွေ့ရှိခြင်းဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ပြတိုက်တွင် သမိုင်းကြောင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ပြသထားကြောင်း၊ ဒေါက်တာသန်းထွန်းက သမိုင်းသင်ရသည့်အကြောင်းမှာ “မအအောင်”သင်ကြားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ သမိုင်းမှန်ကိုသိရှိနိုင်ရန် သမိုင်းကိုသင်ကြားရခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နောင်တစ်ခေတ်တွင် ခေါင်းဆောင်များ၊ ပညာရှင်များဖြစ်လာကြမည့် သူများဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထားပါကြောင်းနှင့် ပြတိုက်တွင် ပြသထားသည့် ပြခန်းများအလိုက် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာဗဟုသုတများကို လေ့လာကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားပြတိုက်(နေပြည်တော်)ရှိ ပြခန်းများ အကြောင်းကို Video Clip ဖြင့် ပြသခဲ့ပြီး ပြတိုက်ဆိုင်ရာဝန်ထမ်းများက ပြခန်းများအလိုက် ရှင်းလင်းပြသခဲ့ရာ လိုအပ်သည်များကို ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများ လေ့လာခဲ့သည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုစေပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment