MNP ၊ ဇန်နဝါရီ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များနှင့်အညီ လေဆိပ်နှင့် လေယာဉ် ပြေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော် ကမ်းခြေများအပါအဝင် သဘာဝအလှအပများ၊ ဒေသထွက် အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း လေဆိပ်အဆင့်မြှင့်တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်း လုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လုပ်ငန်းအဆင့်အလိုက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment