မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ စစ်ဆေး



MNP ၊ ဇန်နဝါရီ ၂၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၃၁ မိုင် အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများပို့လွှတ် ဖြန့်ဖြူးပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်မိုးတွင်းကာလ၌ ရေပိုလွှဲမှ ရေလျှံကျမှုကို အလဟဿမဖြစ်စေရန် ၎င်းလျှံရေကို ထိန်းသိမ်းပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ခွဲရုံသို့ ရေမှုန်၊ ရေမွှားများ ရောက်ရှိမှုကာကွယ်နိုင်ရေးတို့အတွက် ရေပိုလွှဲတွင် ဂိတ်တံခါးတပ်ဆင်ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကို သုံးသပ်တင်ပြရန် လိုအပ်ပါကြောင်း၊ စက်ရုံနှင့် တမံကို ထိန်းသိမ်းစောင့်ကြပ်ကြည့်ရှုနေမှုတွင်လည်း တပ်ဆင်ထားသည့် သတ်မှတ်ကိရိယာများ၏ သတ်မှတ်ချက်များအတိုင်း အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုနေရန် လိုအပ်ပါ ကြောင်း၊ အကယ်၍ ဓာတ်အားစနစ်တွင် System Break Down ဖြစ်ပါက အမြန်ဆုံးပြန်လည်ဓာတ်အားရရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမြဲမပြတ်လေ့ကျင့်နေရန်နှင့် ကြိုတင်၍ ဝန်ထမ်းများကို တာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့် ရေများကို အကျိုးရှိစွာ အသုံးပြုပြီး စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို စနစ်တကျစီမံချက် ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။


ထို့နောက် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုအခြေအနေနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ကြံ့ခိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ နေ့လယ်စာအား အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာအခြေအနေ များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ Switch Yard အတွင်း လက်ရှိ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားလိုင်း ဆွဲသားထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၂) တည်ဆောက်ရေးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)