MNP ၊ ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော် ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေး နှိုးဆော်ရာတွင် “ တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ ဈေးဆိုင် များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင်(သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီး ခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအား ဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ စစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များကို ခံနိုင်သည်ထက် ပို၍ မထည့်ပါနှင့်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက် ပို၍မသုံးပါနှင့်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကို ပိတ်၍ ခြောက်သွေ့သော အဝတ်၊ ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါ၊ ဂတ်(စ်)အိုးများ အသုံးပြုသည့်အခါ ယိုစိမ့်မှုမရှိအောင် ဂတ်(စ်)ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/ အပိတ်ခေါင်းများအား သေချာစွာ စစ်ဆေးပါ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်တယ်လီဖုန်းနံပါတ်(၁၉၁)၊ တာမွေမြို့နယ်မီးသတ် စခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်း ပို့ကြရန် ” စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့ ၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူ များအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး မကြာမီ ကာလတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ် ရုံ/ လုပ်ငန်းများ/ ဈေးဆိုင်များနှင့် နေအိမ်များတွင် မီးလောင်ကျွမ်းခြင်းများ ကင်းဝေးစေရေးအတွက် ယခုလို မြို့နယ်အတွင်းရှိ လမ်းများအလိုက် မော်တော်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment