(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၌ တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက်များ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၌ တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက်များ ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ ဇန်နဝါရီ ၂

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါစက်ရုံများ၌ ကျင်းပသည်။


အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌတို့က တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါး အခြောက်ခံစက်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက် ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး၍ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်းများကို မတည်ထောက်ပံ့ပေးထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းသည် သမဝါယမ၏ အနှစ်သာရကို ဖော်ဆောင်နေခြင်းဖြစ်သောကြောင့် မိမိတို့သမဝါယမအသင်းများအနေဖြင့် သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်း လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းသားများသို့ ငွေကျပ် ၁၅၄ ဒသမ ၆ သန်း မတည်ထုတ်ချေးပေးထားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌတို့က တန် ၉၀ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံ စက်တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


အဆိုပါ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့်ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မွန်ပြည်နယ်အတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှ ထွက်ရှိလာသော စပါးများ အရည်အသွေးကောင်းမွန်သောဆန်များ ကြိတ်ခွဲထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ပြည်သူများအတွက် ဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)