ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်က ကျောက်တံတားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို အ.ထ.ကကျောက်တံတားမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုကာဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်စိန်က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက စုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများနှင့် မြို့နယ်အဆင့်ဘာသာရပ်အလိုက်ထူးချွန်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက အဆို၊ အကများဖြင့် အလှည့်ကျသီဆိုဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးမြင့်စိန်နှင့် ကျောင်းအကျိုးတော်ဆောင်နာယက ဦးသိန်းနိုင်၊ ကျောင်းအုပ်ဆရာမကြီးများ၊ မိဘ/ဆရာများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment