အပစ်အခတ် ရပ်ဆဲရေးနှင့် နောက်ဆက်တွဲ ပြဿနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပစ်အခတ် ရပ်ဆဲရေးနှင့် နောက်ဆက်တွဲ ပြဿနာ









မြန်မာနိုင်ငံသား ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲမှာ MNDAA အကြမ်းဖက်အဖွဲ့က လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ခံပြင်းဒေါသ ဖြစ်နေကြတယ်။ အနယ်နယ်အရပ်ရပ်မှာ သံဃာတော်တွေနဲ့ ပြည်သူများက ဆန့်ကျင် ကန့်ကွက် ရှုတ်ချမှုတွေ လုပ်ဆောင်နေကြသလို MNDAA အကြမ်းဖက်အဖွဲ့ကို ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

၈-၁-၂၀၂၄ ရက်နေ့မှာ ဖုန်တာရွှင် ဦးဆောင်တဲ့ MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုဖျက်တဲ့ ရုပ်သံ၊ ဗုဒ္ဓရုပ်ပွားတော်ကို ထုခွဲဖျက်ဆီးတဲ့ ရုပ်သံတွေ ဖြန့်ဝေခဲ့ပြီး (၉-၁-၂၀၂၄) ရက်နေ့မှာ မန္တလေးမြို့က သံဃာတော်များနဲ့ ပြည်သူများက ဦးဆောင် ဆန္ဒပြ ကန့်ကွက် ရှုတ်ချခဲ့ကြပြီး ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ လားရှိုး အပါအဝင် မြို့နယ်အသီးသီးမှာ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ခဲ့ကြပါတယ်။ သံဃာတော်များက ဘာသာ သာသနာအတွက် လိုအပ်ရင် လူထွက်ပြီး တပ်မတော်နဲ့အတူ တိုက်ပွဲဝင်ပေးမယ်ဆိုသည်အထိ မြို့သိပ်ထားတဲ့ စကားလုံးတွေ ပွင့်အံကျလာခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ (၁၂-၁-၂၀၂၄) ရက်နေ့ ညက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှမ်းပြည် (မြောက်ပိုင်း)တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆရာတော်တွေက ဖုန်းဆက်၊ ဟိုလူကမေး ဒီလူကမေး ဘယ်လိုတွေ လုပ်နေတာလဲ၊ ဘာတွေ ဆက်လုပ်မှာလဲ အစရှိသော မေးခွန်းတွေ မေးကြပါတယ်။ ကျွန်တော် ဘယ်သိမလဲဗျာ။ ဒါတွေက နိုင်ငံတော်အဆင့်က လုပ်နေတာတွေဆိုတော့ ကျွန်တော် ဘယ်သိပါ့မလဲ။ ကျွန်တော် သိတာတစ်ခုကတော့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများသည် အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်တယ်။ ပြည်သူလူထုက မခံနိုင် မရပ်နိုင်ဖြစ်လာလို့ သူတို့ကို ပြန်ကြိတ်တော့မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုတွေ လုပ်တယ်။ လူမွေးတယ်။ လက်နက်စုဆောင်းတယ်။ အခွင့်သာလို့ ပြည်ပနိုင်ငံများက အထောက်အပံ့ရရင် နောက်တစ်ကြိမ် တိုင်းဖျက် ပြည်ဖျက် လုပ်မယ်။ ဒါမျိုးတွေ အကြိမ်ကြိမ် အခါခါ လုပ်နေတာကို အားလုံးသော ပြည်သူများ သိမြင်ကြပြီး ဖြစ်ပါတယ်။

ဒီကနေ့ မနက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး လောက်ကိုင်ဘက်မှာ နေသူတစ်ဦး ရေးသားထားတာကို လားရှိုးက ဆရာတော်တစ်ပါးက ပေးပို့လာတယ်။ ဒီစာကို ရေးသားထားသူက မြောက်ပိုင်းအဖွဲ့တွေရဲ့ ရည်ရွယ်ချက်တွေကို ချပြရေးသားထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံမှာလည်း ဖော်ပြထားပါတယ်။

သူရေးထားတာက "လားရှိုးက သူငယ်ချင်းတွေ ခုရက်ပိုင်း ကျနော့်ကိုလာလာမေးကြပါတယ်၊ အကိုရေ လားရှိုးက ချအုံးမှာလားတိုက်ပွဲ ဖြစ်အုံးမှာလား အပစ်ခတ်ရပ်ဆဲလိုက်ပြီဆိုတာဟုတ်ရဲ့လား၊ အပစ်ခတ်ရပ်လိုက်ပြီဆိုတော့် ပြေးစရာမလိုတော့်ဘူးလားလို့ ခနခနလာမေးကြပါတယ်၊ ခုရက်ပိုင်းနှစ်ဘက် အပစ်ခက် ယာယီရပ်ဆိုင်းတယ်ဆိုတာကိုပေါ့။ MNDAA ဘက်က လျှို့ဝှက်သတင်းများအရ လားရှိုးကို ရအောင်တိုက်ယူသွားမှာပါ၊ ယာယီခေတ္တခန အပစ်ခက်ရပ်ဆိုင်းတယ်ဆိုတာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ လက်ဝယ်ရထားတဲ့ နယ်မြေတွေမှာ လုံခြုံရေး ခံစစ်ကိုလဲ အထူးပြင်ဆင်ထားပြီး ထိုးစစ်အတွက်ကိုလဲ ပြင်ဆင်၍ လောက်ကိုင်၊ ကွမ်းလုံ၊ ကွပ်ခိုင် နဲ့ သိန္နီက ရထားတဲ့ အတွဲလိုက် ဒုန်းတွေနဲ့ ဟောင်ဝစ်ဇာတွေကို UWSA အဖွဲ့က ကွပ်ကဲဦးစီးနေပြီး လက်နက်ကြီးပစ်သင်တန်းတွေနဲ့ လေယာဉ်ပစ် လက်နက်သင်တန်းတွေကို စစ်ရေဝနေတဲ့ MNDAA နဲ့ TNLA ကို UWSA နဲ့ KIA က အရာရှိတွေက သင်တန်းပို့ချပေးနေပါတယ်။ နောက်တစ်ချက်က လားရှိုးကို ရအောင်တိုက်ယူမယ်ဟု အဓိက ရည်ရွယ်ချက်က MNDAA ရဲ့အိပ်မက်နဲ့ လက်တွေ့အကောင်ထည်ဖော်ရန် အကောင်းဆုံးကာလတွေဖြစ်နေပြီး လားရှိုးကိုရရင် ခွဲယူမည့်အဖွဲ့တွေကတော့ ရှင်းပါတယ်။ UWSA, MNDAA, TNLA က အဓိက ခွဲယူမည့်အဖွဲ့တွေ ဖြစ်ပြီး KIA နဲ့ AA ကတော့ တိုက်ပွဲထဲ ဝင်ရောက်တိုက်ခိုက် ပေးနေတာကြောင့် UWSA အပါဝင် MNDAA နဲ့ TNLA ဒီ"၃"ဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က AA နဲ့ KIA ကိုကူညီပြီးတိုက်ခိုက်ပေးရမှာပါ။" လို့ သုံးသပ်ရေးသားထားပါတယ်။

သူ့ရဲ့ ရေးသားဖော်ပြချက်မှာ "AA ရဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်ကို အလုံးစုံ ပြန်လည်ထိမ်းချုပ်ရေးနဲ့ စစ်ရေး စီးပွါးရေးနဲ့ နိုင်ငံတစ်ခုပမာ မန်တိုင်တစ်ခုထိ ရောက်အောင်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ရေပေါ်ရေအောက်သရံဇာတနဲ့ မိမိတို့အချုပ်ခြာအာဏာကို ပြည်နယ်တစ်ခုလုံးရအောင် အကောင်ထည်ဖော်သွားဖို့က အဓိက အချက်ပါဘဲ။ KIA ရဲ့အဓိက ရည်ရွယ်ချက်ကတော့် ကချင်ပြည်နယ်ကို နိုင်ငံအဖြစ် ခွဲထွက်နိုင်ဖို့က အဓိက ရည်ရွယ်ချက်ဖြစ်ပြီး နိုင်ငံမရရင်တောင် ပြည်နယ်ကို ထိမ်းချုပ်နိုင်ခဲ့ပါက ကျောက်စိမ်းနဲ့ သစ်တောနဲ့ သဘာဝသရံဇာတ အရင်းမြစ်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်လို့ အခွင့်ရေးရရင် ရသလောက်ယူကြမှာပါ။ လက်ရှိလားရှိုးပြည်သူတွေ အနေနဲ့ ရင်ဆိုင်နေရတာဟာ လက်နက်ကိုင်များရဲ့ နယ်မြေစိုးမိုးမှု့နဲ့ ကျူးကျော်စစ်သဏ္ဍန်ကို ခံစစ်ဘဝမှ ထိုးစစ်ဘဝသို့ တဖြေးဖြေး ဖော်ဆောင်လာကာ နယ်မြေရရင် ရသလောက်ယူဖို့အတွက် ၎င်းလက်နက်ကိုင်တို့မှ ပြင်ဆင်နေကြပြီး လောက်ကိုင်စစ်မျက်နှာပြင်မှာ ရက်ပိုင်းအနည်းငယ် ယာယီအပစ်ရပ်ပေးပြီး ပြည်သူတွေကို ရှောင်ဖို့ အချိန်တွေပေးပြီး တစ်ချို့ပြည်သူတွေက ပြေးစရာနေရာမရှိကြဘူး။ တချို့ပြေးကြပြီး လမ်းတစ်ဝက်တစ်ပျက်မှာ တိုက်ပွဲတွေကြောင့် လက်နက်ကြီးမှန်ပြီး အသက်တွေဆုံးရှုံးကြခဲ့ရတယ်။ ခြေလက်တွေ ပြတ်ထွက်ခဲ့ကြတယ်။ ဒါတွေကို MNDAA တပ်ဖွဲ့က လောက်ကိုင်နဲ့ ချင်းရွှေဟော် စစ်မျက်နှာပြင်မှာ ကြုံတွေ့ခဲ့ရတော့ သူတို့လဲ ပြည်သူတွေကို အရင်ရှောင်ရှားစေပြီးမှ ကန့်သတ်ထားတဲ့အချိန်ရောက်တာနဲ့ ဝင်ရောက် တိုက်ခိုက်ကြတော့မှာပါတယ်။" လို့ ဆိုပါတယ်။

နောက်တစ်ချက်က "တစ်ဖက်မှာလဲ MNDAA တို့က ပြောထားပါတယ် လားရှိုးကိုဝင်ရောက်တိုက်ခိုက်မှု မပြုပါနဲ့ဆိုလျှင် မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့တပ်တွေကို လားရှိုးမှ ရုပ်သိမ်းပေးပြီး ဌာနဆိုင်ရာအကုန်လုံး လားရှိုးမြို့မှ ထွက်ခွာရုပ်သိမ်းပြီး လားရှိုးက စစ်လက်နက်ဘာတစ်ခုမှ ယူဆောင်ခွင့်မပေးပါဘူး။ သေနတ်တစ်လက် ကျည်တစ်တောင့်တောင် ယူဆောင်ခွင့်ပြုသွားမှာ မဟုတ်ဘဲ လားရှိုးမြို့ကနေ လူဘဲထွက်ခွင့်ပြုမှာလို့ ပြောထားပါတယ်။ တစ်နည်းအားဖြစ်ပြောရရင် စစ်ကိုတိုက်မည်လော၊ မြို့ကိုပေးမည်လော့ ဆိုတဲ့ စစ်ရာဇသံကို ပေါ်ပေါ်တင်တင် ပေးနေတာပါဘဲ။ တကယ်လည်း စစ်တပ်ကိုပြောထားပါတယ်။ မင်းတို့မြို့ကိုပေးမှာလား၊ စစ်ကိုဆက်တိုက်မှာလားလို့ အစည်းဝေးမှာ ပြောထားပါတယ်။ လက်ရှိလောက်ကိုင်နှင့် ရထားတဲ့မြို့တွေကို တပ်ဘက်ကပေးမယ်။ ဒါပေမဲ့ ထိုဒေသတွေကို ထိန်းချုပ်ရာမှာ တပ်မတော်လက်အောက်မှာဘဲ နေရမယ် လို့ တပ်ဘက်ကပြောထားပေမဲ့ ၎င်း မြောက်ပိုင်း လက်နက်ကိုင်တွေအနေနဲ့ ဘယ်လိုမှ လက်မခံပါဘူး။ မိမိတို့ တိုက်ယူလို့ နိုင်ထားတဲ့ နယ်မြေတွေကို ပြန်ပေးမှာ မဟုတ်သလို ထိုဒေသတွေကို မိမိတို့ကသာ အုပ်ချုပ်ပြီး စစ်ရေးစီးပွါးရေး နိုင်ငံတစ်ခုပမာ ရပ်တည်နေထိုင်သွားမှာဖြစ်ပြီး မိမိတို့ ဥပဒေ နဲ့ မိမိတို့ အုပ်ချုပ်မှာဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

သူ့ရဲ့ ရေးသားဖော်ပြချက် အပြည့်အစုံကို ဓာတ်ပုံများမှာလည်း ဖော်ပြပေးထားပါတယ်။ နိုင်ငံတော်က အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရတယ်ဆိုတဲ့ ထုတ်ပြန်လောက်ကိုသာ ကျွန်တော်တို့က သိပါတယ်။ သူရေးသားဖော်ပြထားပုံကတော့ မြောက်ပိုင်းအကြမ်းဖက်အဖွဲ့များအပါအဝင် အကြမ်းဖက်အဖွဲ့များက ရည်ရွယ်ချက်ကြီးမားစွာနဲ့ ပူးပေါင်းတိုက်ခိုက်နေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သူ့ရဲ့ ရေးသားပြောဆိုချက်တွေကို အမှန်တွေလို့ မပြောလိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်အဖွဲ့များကတော့ တစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေကြတာ အထူး ပြောဖို့ မလိုပါဘူး။

MNDAA အကြမ်းဖက်အဖွဲ့ကတော့ ပေါ်ပေါ်ထင်ထင်ပဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ရင်ထုမနာဖြစ်အောင် လုပ်ပြလိုက်တယ်။ ထပ်မံပြီးတော့လည်း အလားတူ ဘာသာရေးစော်ကားမှုတွေ လုပ်ဆောင်ပြနေတဲ့ ရုပ်သံတွေ တက်လာနေပါတယ်။ အစိုးရက အကြမ်းဖက်အဖွဲ့များရဲ့ လုပ်ရပ်တွေအပေါ် ပြည်သူတွေ အော့နှလုံးလာတာကို မသိတာတော့ မဟုတ်။ သိတော့ သိတယ်။ သံဃာတော်များနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုမှုကို အလေးထားမှာလား၊ အကြမ်းဖက်အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးပြီး အပစ်အခတ် ရပ်စဲတာလား ဆိုတာတော့ ရှင်းလင်းသေချာစွာ မသိရသေးပါဘူး။

MNDAA အကြမ်းဖက်အဖွဲ့ ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံအဝှမ်းမှာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချနေကြသလို အမြစ်ပြတ် ရှင်းလင်းပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ တရုတ်အကောင့်နဲ့ လောက်ကိုင်မြို့မှာ နေထိုင်သူရဲ့ ရေးသားပြဆိုချက်အရဆိုရင်တော့ အကြမ်းဖက်အဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲသည့်တိုင်အောင် သူတို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ တစ်နည်းနည်းနဲ့ အကြောင်းရှာပြီး ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမယ့် သဘောကို တွေ့မြင်နေရပါတယ်။

ဒီနေရာမှာ တပ်မတော်အနေနဲ့ နှစ်ပေါင်းများစွာ ဒီအကြမ်းဖက်အဖွဲ့တွေကို လိုက်လျောဖြေလျော့မှုတွေနဲ့ ထိန်းကျောင်းလာခဲ့တာ။ ထာဝရငြိမ်းချမ်းရေးအတွက် အဖြေမထွက်ခဲ့ဘူး။ အခုလို အပစ်အခတ် ရပ်စဲတယ် ဆိုတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ တပ်မတော်က အပစ်အခတ် ရပ်စဲပေးထားတဲ့ ကာလမှာ အခွင့်ကောင်းယူပြီး တရစပ်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတာကို ပြန်လည် ထောက်ရှုကြည့်ပါ။

အခု ရှမ်းပြည်(မြောက်ပိုင်း)မှာ အပစ်အခတ် ရပ်စဲပြန်ပြီ။ ဘယ်တော့ ပြည်ဖျက်မိစ္ဆာတွေက တိုက်ခိုက်လာအုံးမလဲ။ အကြမ်းဖက်အဖွဲ့တွေဟာ သူတို့စကားကိုတောင် သူတို့ကိုယ်တိုင် တန်ဖိုးမထားဘူး။ NLD ပါတီလိုပဲ။ လစ်ရင် လစ်သလို၊ အခွင့်သာရင် သာသလို ခွေးချောင်း ချောင်းနေကြတဲ့ သဘောမျိုးတော့ ရှိတယ်။

ပြည်သူအများ လိုလားတောင်းတတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အပစ်အခတ် ရပ်စဲရေးဟာ အဖြေလား၊ စာရေးသူကတော့ သံသယရှိတယ်လို့ ပြောမနေတော့ပါဘူး။ အဲဒီ အကြမ်းဖက်အဖွဲ့တွေကိုတော့ မယုံကြည်ဘူးလို့ပဲ ပြောချင်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)