MNP ၊ ဇန်နဝါရီ ၂၁
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများအား Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်သိရှိပြီးဖြစ်သည်။
ယခုအခါတွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှ စ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ် ပြိုကျ ပျက်စီးသွားခဲ့ကြောင်းသိရှိရပြီး အဆိုပါစေတီတော်အတွင်း ဋ္ဌာပနာထားသည့် ပစ္စည်းများကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူပေါင်းကာ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်ကြောင်း သိရှိရသည်။
MNDAA အကြမ်းဖက်သောင်းကျန်းသူများက လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့် ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗွီဒီယိုဖိုင်များနှင့် အခြား ဗုဒ္ဓဆင်းတုတော်များအား ထုခွဲဖျက်ဆီးနေသည့် ဗွီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ရှုတ်ချ ကွန့်ကွက်လျက်ရှိသည်။
ထပ်မံ၍ TNLA အကြမ်းဖက်သောင်းကျန်းသူများက ယခုကဲ့သို ဘုရားစေတီအား ဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားသည့် လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment