၁၂ - ၁၁-၂၀၂၃ ရက်နေ့ ... ။
" မအေယိုးတွေ ... မသေချင်ရင် လက်နက်ချစမ်း "
" ဟေ့ကောင်တွေ ... လက်နက်ချ ။ မင်းတို့ကို ငါတို့ မသတ်ချင်ဘူး "
" မအေယိုးတွေ ... မင်းတို့လည်း သတ္တိရှိရင် တက်ခဲ့စမ်း ။ တပ်မတော်ကွ ... ယီးမှ လက်နက်မချဘူး "
နံနက်ခင်း နေရောင်ခြည်က နှင်းထုကို ပြတ်ပြတ်ထင်ထင် မထိုးဖောက်နိုင်သေးချိန် ။ ဆဲသံ ဆိုသံများနှင့် သေနတ်သံများက လေထုကို ခွင်း၍ ထွက်ပေါ်လာလျက်ရှိ၏။ စိတ်မထိန်းနိုင်သော တပည့်တစ်ယောက်က သေနတ်ဖြင့် နှစ်ချက်လောက်ပစ်ပြီး ပြန်ဆဲပေးလိုက်ရာ ခေတ္တတော့ ငြိမ်သွားကြ၏။
လက်ရှိနေရာကား ပစ်ကွင်း မြင်ကွင်း မသာသဖြင့် ၊ မနေ့က တင်ပြထားသော နှစ်ထပ်အဆောက်အဉီးဆီသို့ ပြောင်းရွှေ့ခွင့်ပြုပါရန် ထပ်မံ တင်ပြလိုက်ရာ တပ်ရင်းမှူးမှ ခွင့်ပြုသဖြင့် တက်သုတ်ရိုက် ပြောင်းရွှေ့ရပြန်၏။
ရန်သူသည် မိမိတို့အခြေပြုရာ နေရာသို့ နတ်စင်ဘက်ခြမ်းမှ နေ၍ ထပ်မံချဉ်းကပ်လာရာ တန်ပြန်တိုက်စစ် ပြန်လည် ဆင်နွှဲခဲ့ရပြန်သည်။ တနေရာထဲတွင် မနေဘဲ လှုပ်ရှားခံစစ်အသွင်ဖြင့် ခံစစ်အရှင် ဆင်နွှဲနေသော မိမိတို့ကို ရန်သူက မျက်စိလည်နေပုံ ရသည်။ မထင်မှတ်ထားသောနေရာများတွင် ဆီးကြို ရောက်နေပြီး အပိုင်ပစ်ခတ်နေသောကြောင့် ရန်သူမှာလည်း အတော် အထိနာနေချေပြီ။ မိမိတို့အားလည်း သိပ်အခဲ ကျေပုံ မရ။
" ကျိုက်ထို .... ကျိုက်ထိုရှိလား "
" ရှိပါတယ် ... အဘ "
" ညီလေးတို့အဖွဲ့ နတ်စင်ဘက် ပြန်အခြေပြုပါ
အဲဒီနေရာကနေ ပြန်ပြီး ခံစစ်ဆင်ပါ "
" ရထားပါ ... အဘ "
စက်ထဲက တပ်ရင်းမှူး၏ ညွန်ကြားချက်ကတော့ တို၏ ။ သို့သော် အကောင်အထည်ဖော်ရမည့် သူ့အတွက်တော့ စဉ်းစားချင့်ချိန်စရာ ဆုံးဖြတ်စရာ ကိစ္စရပ်တွေ အမြောက်အများပင် ပေါ်လာလေတော့သည် ။
" ငါတို့ နတ်စင်ဘက် ပြန်သွားရမယ်
ဒါပေမယ့် ဒီမှာလည်း လူမချန်လို့ မရဘူး
ဟိုဘက်မှာလည်း ပစ်အားလိုတော့ လူနည်းလို့ မရဘူး။ သောက်ရေးထဲ သေနတ် ၃ လက်ကလည်း ပျက်သွားပြန်ပြီ။ အဲတော့ မင်းတို့ထဲက ဗော်လံတီယာ တစ်ယောက်လိုတယ်ကွာ။ ဘယ်သူ နေရဲလဲ "
မေးသည်မှာတော့ ဘယ်သူ နေရဲလဲ ဟူ၍ပင်။ သို့သော် သူ့စကား၌ ဘယ်သူ သေရဲလဲဟူသော အဓိပ္ပါယ်လည်း ပါဝင်နေကြောင်းကို စစ်သည်တိုင်း သိရှိပြီး ဖြစ်လိမ့်မည်သာပင်။
" ကျွန်တော် နေခဲ့မယ် ... ဗိုလ်ကြီး "
ကြည့်လိုက်တော့ တပ်သား ထွန်းအေးမောင်။ လက်စွဲတော် MA သေနတ်ကို ရင်ခွင်မှာ ပိုက်လျက်၊ ကျန်လက်တစ်ဖက်ကို ထောင်၍ သူ့မေးခွန်းကို တုံ့ပြန်နေခြင်းပင်။ သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဖြစ်နိုင်လျှင်တော့ မိမိစစ်သည်တစ်ဦးထဲကို ချန်ပြီး မသွားလို။ သို့သော် အခြေအနေအရ စွန့်စားမှ ရပေတော့မည် ။
" ထွန်းအေးမောင် ... ငါ စိတ်ချမယ်နော် "
" စစ်သား ... သေတစ်နေ့ မွေးတစ်နေ့ပါ ဗိုလ်ကြီးရာ။ စိတ်ချထားခဲ့ပါ။ ကျွန်တော် မသေမချင်း ဒီဘက်ကနေ ဒီကောင်တွေ ဖြတ်လာလို့ မရစေရဘူး ... စိတ်ချ "
ရန်သူသည် မိမိတို့ ရောက်ပြီး ၁ နာရီခန့်အကြာတွင် နတ်စင်ဘက်မှနေ၍ ထပ်မံ ချဉ်းကပ်လာပြန်ရာ တန်ပြန်တိုက်စစ် ထပ်မံ ဆင်နွှဲခဲ့ရပြန်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မိမိဘက်တွင် ခဲယမ်းအင်အား နည်းနေသည့်အပြင် ရန်သူ့ဘက်မှလည်း ပိတ်ဆို့ တိုက်ခိုက်လာသဖြင့် ရင်းမှူးထံ ခွင့်တောင်း၍ တပ်သား ထွန်းအေးမောင်ရှိရာ နှစ်ထပ်အဆောက်အဦးဆီသို့ ပြန်လည်ဆုတ်ခွာ ပူးပေါင်းခဲ့ရပြန်လေသည်။
အထိနာသွားသော ရန်သူသည် ညဘက်တွင် အနည်းငယ် ပစ်ခတ်ရုံမှအပ ထပ်မံ သွေးတိုးစမ်း တိုက်ခိုက်လာခြင်း မရှိခဲ့။ မိမိတို့အဖွဲ့မှာလည်း နှစ်ထပ်အဆောက်အဦးတွင် ခြေလုံလက်လုံဖြင့် တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ကြရ၏။
အခြေအနေကား နေ့ရော ညပါ အသက်ကို ဖက်နှင့် ထုပ်၍ ကြံ့ကြံ့ခံအောင် မွေးမြူနေရသည့်အခြေအနေပင်။ အိပ်ရေးတွေပျက် ထမင်းတွေ ငတ်နှင့် မိမိအပါအဝင် အရာရှိ စစ်သည်အားလုံး ပိန်လှီလာနေကြပြီ ဖြစ်သည်။
ယနေ့တော့ တပည့်ကျော်များ၏ ကောင်းမှုဖြင့် ထမင်းခြောက်အနည်းငယ် ဝါးခွင့်ရလိုက်ရ၏။ ရေကို တကျိုက်လောက် သောက်ခွင့်ရလိုက်၏။ အကယ်၍ တိုက်ပွဲကြီး ပြီးဆုံးပြီး မိခင်တပ်ရင်းကိုသာ ပြန်ခွင့်ရခဲ့မည်ဆိုပါလျှင်၊ ရေကို ၀၀လင်လင် ချိုး ပြီး၊ ထမင်းကို ၀၀ စားကာ တညလောက်ပဲ ဖြစ်ဖြစ် အိပ်ရေး၀၀ အိပ်ခွင့် ရလိုက်ချင်မိသည်သာပင်။ သို့သော် ထိုချင်ခြင်းဆန္ဒများ ပြည့်ရော ပြည့်ပါမည်လား၊ ပြည့်ခဲ့လျှင်တောင် ဘယ်သောအခါမှ ပြည့်ဝနိုင်မည်လဲ ဆိုသည်ကို သူကိုယ်တိုင်ပင် မသိခဲ့နိုင်ပါချေတကား။
ကျောမှီရာ နံရံဘေး ပြတင်းပေါက်မှ တဆင့် ညကို ငေးမျှော်ကြည့်မိရာ ဟိုး အဝေး မိုးကောင်းကင်၌ ကြယ်ရောင်တချို့ လက်နေသည်ကို မြင်ရလေ၏။ မည်သို့ပင်ဆိုစေ ... အိပ်မရနိုင်သူတို့အဖို့တော့ ညတာကား ရှည်ကြာဦးမည်သာပင်။
( ဆက်ရန် )
မင်းထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment