ဗုဒ္ဓဘာသာဝင် ပြည်သူများအားလုံးကို ရည်ရွယ်ချက်ရှိရှိ စော်ကားနေသော MNDAA, TNLA အကြမ်းဖက်အဖွဲ့များအတွက် သစ္စာစကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာဝင် ပြည်သူများအားလုံးကို ရည်ရွယ်ချက်ရှိရှိ စော်ကားနေသော MNDAA, TNLA အကြမ်းဖက်အဖွဲ့များအတွက် သစ္စာစကား



ရှမ်းပြည်(မြောက်ပိုင်း)မှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စပြီး မြောက်ပိုင်းမဟာမိတ် အမည်ခံ MNDAA, TNLA, AA အကြမ်းဖက် သောင်းကျန်းသူများက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ စာရေးသူရဲ့ အမြင်ကတော့ ရိုးရှင်းပါတယ်။ ဒီအဖွဲ့တွေသည် မူးယစ်ဆေးဝါး၊ တရားမဝင်လုပ်ငန်းများနဲ့ ရပ်တည်နေသော အဖွဲ့အစည်းများဖြစ်သလို ပြည်ပနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုမရရင် သူတို့အတွက် အကျိုးစီးပွား မရှိပါဘူး။ သူတို့တွေက တိုက်ခိုက်လာပြန်ပြီဆိုတော့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ တိုင်းပြည်တစ်ခုက မြှောက်ပေးလိုက်ပြန်ပြီပေါ့ဗျာ။ 

မြန်မာပြည်ကို မျက်စောင်းထိုးနေတဲ့ နိုင်ငံကလည်း များပြားလှလွန်းတော့ ဘယ်နိုင်ငံက မြှောက်ပေးလိုက်တာပါလို့ မပြောနိုင်ပေမယ့် သူတို့ရဲ့ ရပ်တည်ချက်၊ သူတို့ရဲ့ ကိုယ်ကျိုးရှာလိုမှု အတ္တတွေနဲ့ ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ဖို့ ဝန်မလေးဘူးဆိုတာကို သိတဲ့အတွက် ဒီအဖွဲ့တွေရဲ့ တိုက်ခိုက်လာမှုအပေါ်မှာလည်း ထွေထွေထူးထူး စဉ်းစားစရာ မလိုပါဘူး။ NUGအကြမ်းဖက်အဖွဲ့နဲ့အတူ တိုက်ခိုက်နေတဲ့ KNU, KIA ဆိုတဲ့ အဖွဲ့တွေသည် အနောက်အုပ်စုနဲ့ ပိုပြီး နီးစပ်သလို အာဆီယံဒေသတွင်းနိုင်ငံများမှာလည်း မြန်မာပြည်ဖွံ့ဖြိုးတိုးတက်လာမှာကို မလိုလားတဲ့ တိုင်းပြည်တွေက ရှိနေတယ် မဟုတ်ပါလား။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိတဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာရာမှာ ဒေသခံပြည်သူများအတိဒုက္ခရောက်အောင် တိုက်ခိုက်ရုံမျှမကဘဲ TNLA အဖွဲ့က လွတ်လပ်ရေးကျောက်တိုင်ကို တူးဖြိုဖျက်စီးပစ်တယ်။ လောက်ကိုင်မြို့ကို MNDAA အကြမ်းဖက်အဖွဲ့က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းနဲ့အတူ စေတီတော်ကို ထုဖြိုဖျက်ဆီးတယ်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို ဖျက်ဆီးသည်အထိ ပြည်သူတွေ ရင်နင့်အမျှ ခံစားရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ပြခဲ့ကြပါတယ်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများက လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့် ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗွီဒီယိုဖိုင်များနှင့် အခြား ဗုဒ္ဓဆင်းတုတော်များအား ထုခွဲဖျက်ဆီးနေသည့် ဗွီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ရှုတ်ချ ကွန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား TNLA အကြမ်းဖက် သောင်းကျန်းသူများက ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးလိုက်ကြပြန်တယ်။

အကြမ်းဖက်အဖွဲ့များအနေနဲ့ တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊  ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများအား  Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်သိရှိနေရပါတယ်။

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဇန်နဝါရီလ ၁၀ ရက်မှ စ၍ ဘက်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ် ပြိုကျ ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါစေတီတော်အတွင်း ဋ္ဌာပနာထားသည့် ပစ္စည်းများကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ယူဆောင် သွားခဲ့ကြပါတယ်။

အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူပေါင်းကာ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်ထဲမှာ ပါတဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကလည်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်မီးတောက်လောက်အောင် ဖန်တီးခဲ့ခြင်းနဲ့အတူ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ မြောက်ဦးမြို့က ရှေးဟောင်းသမိုင်းဝင် သာသနိကအဆောက်အဦတွေ ထိမှန် ပျက်စီးခဲ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာရာမှာ ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ရုံမျှမကတော့ဘဲ ကိုးကွယ်ယုံကြည်မှုကို မျက်နှာပြောင်တိုက်ပြီး ထိပါးစော်ကားလာတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့ကတော့ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ ရင်ဆိုင် ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ထိပါးစော်ကားလာတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အောက်တန်းကျ ယုတ်မာလွန်းသော လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ်။ စစ်ရေးအရ နှိမ်နင်းဆောင်ရွက်နိုင်တာက အစိုးရ (တပ်မတော်)ဖြစ်နေသည့်အတွက် ဒီအကြမ်းဖက်အဖွဲ့တွေကို ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့က ဘာသာ သာသနာကို ထိပါးစော်ကားတဲ့ လုပ်ရပ်ထွက်ပေါ်လာပြီးနောက်ပိုင်း မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ မြစ်ကြီးနား တို့အပြင် နယ်မြို့များမှာလည်း သံဃာတော်များနဲ့ ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ရဟန်းရှင်လူပြည်သူလူထုရဲ့ တောင်းဆိုမှုအပေါ် အလေးဂရုပြု ဆောင်ရွက်တာမျိုးတော့ အခုထိ မတွေ့ရသေးပါဘူး။

ကျွန်တော် ပြည်သူတစ်ဦး အကြမ်းမဖက်တဲ့နည်းနဲ့ တုန့်ပြန်ပြောဆိုလိုပါတယ်။ နိုင်ငံရေးမှန်းချက်တွေ၊ ရလိုမှုတွေကို ရှေးရှုပြီး တိုက်ခိုက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ ပြစ်တင်ပြောဆိုခဲ့တာမျိုး မရှိပါဘူး။ အများပြည်သူကို အတိဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာတွေ၊ လူမျိုးရေးပြဿနာဖန်တီးတာတွေကနေ တဆင့် ဘာသာ သာသနာအပေါ် ထိပါးစော်ကားတဲ့ အခြေအနေမျိုးအထိ လုပ်ဆောင်လာတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေအပေါ်မှာတော့ သည်းခံနေလို့ မရတော့ပါဘူး။

လောကမှာ နှစ်သက်စရာကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာ ရှိတာတွေရော ရှိသမျှ ရတနာတွေအားလုံး၊ မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။ လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရားတည်းဟူသော ရတနာကို မမီပါဘူး။ လောကမှာရှိတဲ့ ရတနာတွေထက် ပိုပြီးတော့ ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။ မြတ်စွာဘုရားရဲ့တရားမှာ ရှိတယ်၊ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာမှာ ရှိတယ်။  ဤမှန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။ မြန်မာနိုင်ငံအတွင်း ဘာသာ သာသနာကို ထိပါးစော်ကားနေသော အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ အမြန်ဆုံး ပပျောက်ပါစေ။ 

အကြမ်းဖက်သမား ဖုန်တာရွှင် ဦးဆောင်သော MNDAA ၊ အကြမ်းဖက်သမား တားအိုက်ဘုန်း ဦးဆောင်သော TNLA အကြမ်းဖက်အဖွဲ့များမှ သာသနာဖျက် အကြမ်းဖက်သမားများအနေဖြင့် မိမိတို့၏ မှားယွင်းသော လုပ်ရပ်များအတွက် ဗုဒ္ဓဘာသာဝင် ပြည်သူလူထု တစ်ရပ်လုံးကို ဝန်ချတောင်းပန်ရန် မေတ္တာရပ်ခံလိုက်သည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)