MNP ၊ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏(၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အစည်းအဝေးသဘာပတိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းတို့က အမှာစကားများပြောကြားခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက "မြန်မာနိုင်ငံဟာ စားသုံးဆီ စားသုံးမှု များပြားပြီး လုံလောက်မှု နည်းပါးနေသေးတဲ့အတွက် ပြည်ပမှ တင်သွင်းနေရတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ဒေသခံ တောင်သူများ၊ မွေးမြူရေး လုပ်ငန်းများ၊ မြို့များနဲ့ ကျေးလက်ဒေသများအတွက် အလုပ်အကိုင် အခွင့်အလမ်းများသာမက ဝင်ငွေတိုးတက်မှုလည်းရှိလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အရည်အသွေးပြည့်ဝတဲ့ စားသုံးဆီထုတ်လုပ်နိုင်အောင် ဆီကုန်သည်များနဲ့ ဆီလုပ်ငန်းရှင်များအနေနဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်များ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများလည်း ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးက မဖြစ်မနေ လိုအပ်သည့်အတွက် ဆီထွက်သီးနှံများပိုမိုထုတ်လုပ်နိုင်ရေး၊ ဆီစက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ စားသုံးဆီဆိုင်ရာကဏ္ဍအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင် ဆောင်ရွက်နေရသော်လည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါတယ်" ဟုပြောကြားခဲ့သည်။
အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင် ဥက္ကဋ္ဌ ဦးတင်ကိုကိုက ၂၀၂၃-၂၀၂၆ ခုနှစ်အတွက် ရွေးချယ်ခံ အမှုဆောင်အသစ်များ၏ အမည်စာရင်းများအား ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Photo - UMFCCI
https://t.me/MyanmarNationalPost
No comments:
Post a Comment