ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၉ ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၉ )



ရန်သူကား ယခင်ကကဲ့သို့ လူအင်အားသုံး၍ စခန်းအား တက်လုံးခြင်း မပြုတော့ဘဲ တိုက်စစ်နည်းပရိယာယ်ကို အသွင်ပြောင်း ကျင့်သုံးလာဟန်ရှိ၏။ Drop bomb ချခြင်း၊ အဝေးမှ နေ၍ စနိုက်ပါသေနတ်များဖြင့် ထိန်းချုပ်ပစ်ခတ်ခြင်းများကို ခပ်စိတ်စိတ်လုပ်ဆောင်လာလျက် ရှိကြသည်။ ရန်သူ့စနိုက်ပါပစ်ခတ်မှုများကြောင့် မိမိတို့အင်အားလည်း တစ တစ ပြုန်းတီးလာလျက် ရှိကြ၏။ တိုက်စွမ်းအားအတွက် အရေးပါသော စစ်ကစားမှုကိုလည်း ကန့်သတ်လျက် ရှိပေရာ၊ တန်ပြန်တိုက်စစ်ဆင်ဖို့ မဆိုထားနှင့်၊ လှုပ်ရှားမှုကို ထိန်းသိမ်း၍သာ ခံစစ်အသေကို သတိကြီးကြီးထား ဆင်နွှဲနေရသော ကာလပင်ဖြစ်သည်။


၅ - ၁၂ - ၂၀၂၃ ရက်နေ့တွင် G- 9 မှ သင်တန်းသား အမတ( ၃၁၈ ) မှ တပ်သား မင်းဉီးသည် မှူး/ ဗက ထွန်းဝင်း အခြေပြုရာ ၂ ထပ်ဘန်ကာ၌ ရှိနေစဉ် ရန်သူ့စနိုက်ပါကျည် ထိမှန်ကျဆုံးခဲ့သဖြင့်၊ ၎င်းညနေ၌ပင် ၂ ထပ်ဘန်ကာအနီး၌ မြေမြှပ်သဂြိုဟ်ခဲ့ရ၏ ။


၇ - ရက်နေ့မှာလည်း ဒုတက သန်းထွန်းတစ်ယောက် ဘယ်ဘက်တံခေါက်ကွေး အပေါ်ယံအရေပြား၌ ရန်သူ့စနိုက်ပါကျည် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြန်သည် ။ ကံသီလွန်း၍သာ တော်တော့သည် ။ 


၈ - ၁၂ - ၂၀၂၃ ... ။

ချောင်းနှစ်ခွတိုက်ပွဲကာလ ရက်ပေါင်း ၅၁ ရက်အတွင်း အမှတ်ထင်ထင် ဖြစ်နေရမည့် ရက်ပင် ။လေယာဉ်ဖြင့် ရိက္ခာနှင့် ခဲယမ်းထုပ်များအား ဒုတိယအကြိမ် ချပေးသော ရက်ပင် ။


" ဝေါ .... "

" ဗိုလ်ကြီး ... ကျွန်တော်တို့ သွားကောက်မယ် " 

" မကောက်နဲ့ ... ချက်ချင်းမကောက်နဲ့ ဆရာကြီး ... ဒီကောင်တွေ စနိုက်ပါနဲ့ ချောင်းနေတယ် ။ အရင်တခါကလည်း နှစ်ယောက်ထိပြီးပြီ ... နောက်မှ ကောက်မယ်ဗျာ " 


ပထမအကြိမ် Air drop ချစဉ်က ရိက္ခာနှင့် ခဲယမ်းထုပ်များ ကောက်သော စစ်သည် ၂ ဉီး ထိခိုက်ဒဏ်ရာ ရထားသဖြင့် ၊ ယခုတကြိမ်အတွက်လည်း ရင်လေး နေမိသည်။

ယခုတကြိမ်တွင်လည်း စခန်းအတွင်း ရိက္ခာနှင့် ခဲယမ်းထုပ် ၂  ထုပ် လေကြောင်းမှ ကျလာခဲ့၏ ။ သို့သော် ချက်ချင်း သွားကောက်ခိုင်းဖို့ကို သူ့ စိတ်ထဲ ထင့်နေမိသည် ။ ထို့ကြောင့် ဆရာကြီးကျော်ထက်လှိုင်တို့ သတင်းပို့သည်ကို တားမြစ်ထားလိုက်မိ၏။


ညနေကား စောင်းတော့မည် ။

ကျလုဆဲနေကား နောက်ဆုံးသော တောင်လောင်ခြင်းနှင့်အတူ လောကဓာတ်တခွင်ကို အလင်းအပူတို့ ပေးနေလျက် ရှိ၏။


အမှောင်ထု အစပျိုးလာချိန်တွင်တော့ ဆရာကြီးကျော်ထက်လှိုင်တို့ အထုပ် ၂ ထုပ်နှင့် ရောက်လာသည် ။ ဘယ်အချိန်ကတည်းက သွားကောက်လိုက်သည် မသိ ။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသော်လည်း အထုပ်များ ရလာသည့်အပြင် ၊ စစ်သည်များလည်း ဘေးမသီ ရန်မခ ပြန်ရောက်လာသဖြင့် သူ အပြစ်တင်စကား မဆိုမိတော့ ။


" ဗိုလ်ကြီး .... ဘာအထုပ်တွေလဲ " 

အထုပ်များကား ရိက္ခာထုပ်များ မဟုတ် ။ ၅ . ၅၆ ကျည်ဆံထုပ်များပင်။

" အေး ... မင်းရောက်လာတာနဲ့ အတော်ပဲ  သိန်းထက်အောင် .... မင်း ၅.၅၆ ကျည် နှစ်ထုပ် မင်းတို့နေတဲ့ ဘန်ကာက  ဗိုလ်ကြီး အိုင်အို ဆီ သွားပို့ပေးလိုက်ဉီး ။ သတိတော့ထားကွာ ။ ဟိုမအေပေးတွေက ငါတို့ကို ကျားချောင်းသလို ချောင်းနေတာ ။ မင်း သိပ်အတင့်မရဲနဲ့ ။တပ်ရင်းမှူးလည်း အဲဘန်ကာနားမှာပဲ ကျသွားတာ ။ သတိထားဉီး မင်းတို့ ။ အတတ်နိုင်ဆုံး အကာအကွယ်ကနေ သွား " 

" ဟုတ်ကဲ့ .... ဗိုလ်ကြီး " 


သိန်းထက်အောင်ကား ချွေးသံရဲရဲများကြားမှနေ၍ ပြုံးပြီး ခေါင်းငြိမ့်၏ ။ " ဟုတ်ကဲ့ ... ဗိုလ်ကြီး " တဲ့ ။ ဤစကားသည် သိန်းထက်အောင်၏ နောက်ဆုံးစကားဖြစ်မည်မှန်း သူ ကြိုမသိရှိနိုင်ခဲ့ပေ ။


အချိန်ကား ညနေ ၇ နာရီ၅၀ ခန့် ( ၁၉၅၀ ) ချိန်လောက် ဖြစ်ရာ အမှောင်ထုကလည်း လောကဓာတ်တခွင်ကို အုပ်စိုးလာလျက် ရှိပြီ ဖြစ်၏ ။ ညအမှောင်ထုက ရန်သူ့ပစ်ခတ်မှုကို အနည်းငယ်တော့ အကာအကွယ်ပေးလိမ့်မည်ဟု မျှော်လင့်ထားပေမင့် ၊ သူ့ ဆုတောင်းတို့ မပြည့်ခဲ့ကြောင်းကို မကြာမီမှာပင် သိလာရလေတော့သည် ။



" ဒိန်း " 

" ဒိန်း "


ရုတ်တရက် ကြားလိုက်ရသော စနိုက်ပါသေနတ်သံနှစ်ချက် ။


" သိန်းထက်အောင် ထိသွားပြီ ... တက်ဆွဲ တက်ဆွဲ " 

ဘန်ကာအနီးရှိ အခြားစစ်သည်များထံမှ ထွက်လာသော အသံများ ။ရန်သူ့ စနိုက်ပါကျည် ၂ တောင့်က  တပ်သား သိန်းထက်အောင်၏ ခါးစောင်းကို ဖောက်ထွက်သွားခြင်းပင် ဖြစ်သည် ။


" မလာနဲ့ ... မလာနဲ့ " 

အူတွေ အခွေလိုက် ထွက်နေသည့် ကြားမှပင် သိန်းထက်အောင် တစ်ယောက် သူနေရာ ဘန်ကာသို့ ရောက်အောင် ပြေးပြီး ဘန်ကာနားအရောက်တွင်တော့ ဘုန်းခနဲ မှောက်ကျသွားလေတော့၏။ ညကား ပို၍ မှောင်သွားသကဲ့သို့ပင်  ။


" တပ်သား သိန်းထက်အောင် နာခံစေ . . .

အမိန့် .... သင်သည် ၈ ရက် ၁၂ လ ၂၀၂၃ ရက်နေ့ ညနေ ၁၉၅၀ နာရီချိန်တွင် ဤချောင်းနှစ်ခွစခန်း၌ ရန်သူ့စနိုက်ပါကျည် ထိမှန် ကျဆုံးခဲ့ပြီး ဖြစ်သည့်အတွက် သင့်အား တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ် လိုက်သည်။ ယနေ့မှ စ၍ သင်နှင့် ပတ်သက်ခြင်း မရှိတော့ပါ။ သင်သွားလိုရာ သွားနိုင်ပြီ ..... "


သိန်းထက်အောင်ကား ဒဏ်ရာကို တညလုံးတောင့်ခံထားရင်း နောက်တနေ့ နံနက် ၀၄ ၃၀ ချိန်ခန့်တွင်တော့ စစ်သားကောင်းပီသစွာ ကျဆုံးသွားခဲ့လေသည်။


အိုင်အိုဖြစ်သူ ဗိုလ်ကြီး ကျော်ဇေယျကား တပ်သား သိန်းထက်အောင်၏ အလောင်းကို အနီးရှိ ဆက်သွယ်ရေးမြောင်းအတွင်းမှာပင် ကျင်းတူးမြှပ်နှံ၍ အမိန့်စာ ပြန်လိုက်ရရှာသည် ။


သြော် .... အသက်နဲ့လဲ၍ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ရသမျှ ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးနှင့် ခွင့်ဆိုသည်မှာ ရပိုင်ခွင့် မဟုတ်ပါဟူသဖြင့် နားရက် ပိတ်ရက် တောင်းဆိုပိုင်ခွင့် မရှိသူများ ဘဝသည် ... သေသောအခါမှ သင်သွားလိုရာ သွားနိုင်ပြီ ပါတဲ့လား ။ အမိန့်စာပြန်နေသော မြင်ကွင်းကို အဝေးမှ လှမ်းကြည့်ရင်း ဝေ့ဝဲလာသော မျက်ရည်စများကိုလည်း မျက်တောင်ဖြင့် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ထိန်းထားမိသည်။


နေ့ခင်းဘက် ထမင်းစားရတော့ ထမင်းထုပ်ထဲမှာ ငါးနီတူ အနည်းငယ် ပါလာသည်။ ထမင်းမစားရသည့်နေ့ရက်များမှ အဆင့်တက်၍ ထမင်းစားရသည့်အပြင် ၊ ယခုတော့ ဟင်းပါ ပါလာပြီဖြစ်ရာ အဆင့်တက်လာပြီဟူ၍တော့ ပြော၍ ရသည် ။


သို့သော် .... ဤငါးနီတူ သုံးလေးကောင်နှင့် ထမင်းမှာ မြို့ကြီးပြကြီးများမှ သိန်းဆယ်ချီပေးရသော စားကောင်းသောက်ဖွယ်များထက် တန်ဖိုးကြီးနေသည်မှာတော့ အမှန်ပင်။ ဤ ထမင်းနှင့်ဟင်းများအတွက် အသက်များ ကိုယ်လက်အင်္ဂါများ ရင်းနှီးပေးဆပ်ထားခဲ့ရသောကြောင့်ပင်။ စစ်သား စားရသော ထမင်းတနပ်၏ တန်ဖိုးကား ကြီးမားလွန်းလှသည်။


စိတ်ထဲ မကောင်းသော်လည်း ဆို့နင့်နေသည့်ကြားမှပင် ထမင်းကို ဝင်အောင် စားလိုက်မိသည် ။ ဝမ်းနည်းနေ၍ မဖြစ် ၊ ပူဆွေးနေ၍ မရ။ 

ရှေ့ဆက်တိုက်ဖို့ အားမွေးထားမှ ရပေဉီးမည်။

ကြိုမသိရသော မနက်ဖြန်ကို ရင်ဆိုင်ဖို့ အရာရာကို တတ်နိုင်သမျှ အသင့်ပြင်ထားရမည်သာပင်။


( ဆက်ရန် )

မင်းထင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)