MNP ၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင်များ ညီလာခံကို (၁၆-၂-၂၀၂၄) ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ Hybrid ပုံစံဖြင့်ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍဖြစ်ပေါ် တိုးတက်မှုများကိုကြည့်ပါက ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၁၄၂ ဖွဲ့ ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၁၇၈ ဖွဲ့အထိ တိုးတက်လာခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ရပ်ကွက် ၂၂၄၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၆၉၈၅ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၅ သန်းကျော် ငွေကြေးဝန်ဆောင်မှုပေး လျက်ရှိသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ငွေကြေးဝန်ဆောင်မှုအနေဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် ခြောက်ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၃၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ခြောက်ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် တစ်ရာခိုင်နှုန်း ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း။
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပြည်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြု MSME လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုကျင်းပသည့် မြန်မာနိုင်ငံအသေးစားငွေရေး ကြေးရေးအသင်းညီလာခံတွင် လက်ရှိကြုံတွေ့ရသည့် အခက်အခဲများကို စုပေါင်းဆွေးနွေးအဖြေရှာခြင်း၊ အသိပညာဗဟုသုတနှင့် အတွေ့အကြုံများဖလှယ်ခြင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့တိုးတက်ရေးနှင့် ဝင်ငွေနည်းပြည်သူများနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအသေးစားငွေရေး ကြေးရေးလုပ်ငန်းများအသင်းညီလာခံကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပရာ အမှုဆောင်အဖွဲ့ဝင်ဟောင်းများ နုတ်ထွက်ခြင်းနှင့် အသစ်ရွေးချယ်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် သုံးသပ်ချက်စာတမ်းများ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment