ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



MNP ၊ ဖေဖော်ဝါရီ ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကင်ဆာ‌ရောဂါ ဓာတ်ရောင်ခြည်ကုသဌာန၌ ရုံးပိတ်ရက်များတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက်သုံးလုံးဖြင့် ကင်ဆာ‌ရောဂါ ဓာတ်ရောင်ခြည်ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုပြီး လာရောက်ကုသမှုခံယူသော လူနာများအား တွေ့ဆုံအားပေးစကားပြောကြား၍ အာဟာရအစားအသောက်များ ပေးအပ်လှူဒါန်းကာ ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ဓာတ်ရောင်ခြည်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်စေရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် Bhabhatron စက် တပ်ဆင်ထားရှိ မှုအခြေအနေကို ကြည့်ရှုပြီး အမြန်ဆုံးလည်ပတ်အသုံးပြုနိုင်ရေး လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာန၌ အဏုမြူရောင်ခြည်ဖြင့် ကင်ဆာရောဂါပျံ့နှံ့မှုကို ရှာဖွေသည့် PET/CT စက်၊ စက်လည်ပတ်ရန်လိုအပ်သော အဏုမြူရောင်ခြည် ပစ္စည်းထုတ်လုပ်သည့် Cyclotron စက်များ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု၍ ကင်ဆာဆေးကုသဆောင်ရှိ လူနာများကို တွေ့ဆုံကာ အာဟာရအစားအသောက်များ ပေးအပ်လှူဒါန်းပြီး ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံအားပေးသည်။


ထို့နောက် အသစ်ဖွင့်လှစ်ထားရှိသည့် ခုနစ်ထပ်ကုသဆောင်သစ်တွင် အထွေထွေဆေးကုသဆောင်များနှင့် သွေးရောဂါကုသဆောင်များ၌ ဆေးကုသရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု၊ လူနာများ စိတ်ချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာ‌ရေးဝန်ထမ်းများအနေဖြင့် ဆေးရုံအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန်၊ လူနာများ ကို နွေးထွေးစွာဆက်ဆံကာ ဆေးကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် အစာအိမ်နှင့် အူလမ်းကြောင်းဆေးကုသဆောင်၌ လူနာများ ခေတ်မီမှန်ပြောင်းကြည့်နည်းပညာဖြင့် ကုသမှုခံယူနိုင်ရန် ပြင်ဆင်ထားရှိမှု၊ မှန်ပြောင်းကြည့်နည်းပညာဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုသမှုဆောင်ရွက်နေမှုများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုသဆောင် (ဒေါ်ပုလှူဒါန်းထားသည့်အဆောင်) ပြင်ဆင်ရန် လိုအပ်ချက်များကို ဆွေးနွေးဖြည့်ဆည်းပေးသည်။


ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ ကုသရေး)နှင့် ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံရာ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက တစ်နိုင်ငံလုံးအနေဖြင့် ကင်ဆာရောဂါကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် နိုင်ငံတော်အစိုးရက ရန်ပုံ‌ငွေများ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရရှိလာသည့် ရန်ပုံငွေကို အသုံးပြု၍ ဆေးရုံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး အဆိုပါရန်ပုံငွေများ အကျိုးရှိစွာ စီမံခန့်ခွဲ၍ ပြည်သူများအကျိုးကျေးဇူး ပြန်လည်ရရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောကြားကာ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့တွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် ၁၂ လုံး အသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း အဆိုပါ ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုအကြိမ်ရေ ၁၁၀၃၆၇ ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့်ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါဆေးဝါးများ ဝယ်ယူရန်အတွက် ခွင့်ပြုရန်ပုံငွေ ၁၂ ဘီလီယံ ကျော် ခွင့်ပြုချထားပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံး တပ်ဆင်ပေးနိုင်ခဲ့သည်။


ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ အထူးခွင့်ပြုချက်ဖြင့် ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသစက်အသစ်တစ်လုံး၊ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဝယ်ယူမည့် ဓာတ်ရောင်ခြည်ကုသစက် အသစ်နှစ်လုံးကို အသစ်ဆောက်လုပ် ပြီးစီးထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနတွင် ယခုနှစ်အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)