မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပြည်မြို့တစ်မြို့တွင်သာ ထူးခြားစွာ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော (၁၀၀) ကြိမ်မြောက် ဉာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပြည်မြို့တစ်မြို့တွင်သာ ထူးခြားစွာ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော (၁၀၀) ကြိမ်မြောက် ဉာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပ



MNP  ၊ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယနေ့ နံနက် ၄ နာရီအချိန်က (၁၀၀) ကြိမ်မြောက် ရိုးရာဉာဏ်ရိုးမီး ပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်းအနီးရှိ လေးထောင့်ကန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ရိုးရာဥာဏ် ရိုးမီးပူဇော်ပွဲကို ပျူလူမျိုးများ လက်ထက် နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဉာဏ်ရိုးပူဇော်ပွဲသည် ရိုးရာယဥ်ကျေးမှုဘာသာရေး ပွဲတော် တစ်ခုဖြစ်ပြီး တပို့တွဲလပြည့်နေ့ နံနက် ၄ နာရီအချိန်တွင် စတင်ကျင်းပကာ တပို့တွဲလပြည့်နေ့ မတိုင်မီ တပို့တွဲလဆန်း ၁၄ ရက်နေ့တွင် ပြည်ဒေသ အနီးတဝိုက် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ တောထဲမှ ရရှိလာသော ဉာဏ်ရိုးပင်များကို ခုတ်လှဲကာ နေလှန်းအချောသပ်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘုရားစောင်းတန်းရှေ့၌ ပြည်သူများ ကုသိုလ်ပွားများနိုင်ရေးအတွက် တောရွာအသီးသီးမှ ဉာဏ်ရိုးဈေးသည်များက လာရောက်ရောင်းချပေးကြခြင်း ဖြစ်သည်။

ဉာဏ်ရိုးပူဇော်ပွဲအား ချမ်းအေးလွန်းလှသည့် တပို့တွဲလ ဆောင်းရာသီတွင် မြတ်စွာဘုရားကို အလင်းဓာတ်နှင့် အနွေးဓာတ် လှူဒါန်းသည့်အနေဖြင့် ရယ်ရွယ်၍ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်(၁၀၀)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြတ်စွာဘုရားအား ဉာဏ်ရိုးမီးပူဇော်ရခြင်းကြောင့် ဉာဏ်အမျှော်အမြင် ကြီးမားခြင်း၊ ထိုးထွင်းဉာဏ်ကောင်းမွန်ခြင်း၊ ဆုတောင်းပြည့်ဝခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိကြောင်း ပြည်မြို့သူ၊ မြို့သားများက လက်ခံယုံကြည်ကြပြီး ပြည်သူများက ဘုရားကြီးတောင်ဘက် စောင်းတန်းရှိ လေးထောင့်ကန်အတွင်းသို့ နံ့သာထုံးများနှင့် မီးမွှေးပြီး ဉာဏ်ရိုးများကို ကိုင်ဆောင်ပစ်ထည့်ကာ လိုရာဆုတောင်း၍ မီးပူဇော်ကုသိုလ်ပြုကြခြင်း ဖြစ်သည်။

ယနေ့နံနက်တွင် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဉာဏ်ရိုးမီးပူဇော်သူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး စေတီတော်မြတ်ကြီးရှိ ကျားပျံဓမ္မာရုံ၌ ရွှေဆံတော်ဘုရားဂေါပကအဖွဲ့များနှင့် ဘုရားဝေယျာဝစ္စအသင်းများက ဘုရားဖူးလာ ပြည်သူများအား ရာသီစာ ထမနဲများဖြင့် တည်ခင်းဧည့်ခံ၍ စတုဒိသာ ကျွေးမွေးကြ​​ကြောင်း သိရသည်။


ကိုစိုး(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)