ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး စော်ကား ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချပွဲ (ရန်ကုန်) သို့ ပေးပို့သည့် ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ၏ သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး စော်ကား ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချပွဲ (ရန်ကုန်) သို့ ပေးပို့သည့် ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ၏ သဝဏ်လွှာ







ရက်စွဲ ။  ။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ အယခုအခါ အမိမြန်မာပြည် ဘေးရန်အပေါင်းနှင့် တွေ့ကြုံနေရပေသည်။ အထူးသဖြင့် ပြည်သူလူထု ရင်ဆိုင်နေရသည်မှာ အကြမ်းဖက်ဘေး၊ စစ်ဘေးတို့ ဖြစ်ကြ၏။

လက်နက်ကိုင်တော်လှန်နေသူများကလည်း သူ့ယုံကြည်ချက်နှင့်သူ၊ လက်နက်ကိုင်ကာကွယ်နေသူများကလည်း သူ့ယုံကြည်ချက်နှင့်သူ ဖြစ်နေသဖြင့် ဘုရားသားတော် ရဟန်းတစ်ပါးအနေဖြင့် တစ်ခွန်းတစ်ပါဒမျှ မြွက်ဟပြောဆိုခွင့် မရှိပေ။

သို့သော် လက်နက်ကိုင်တော်လှန်နေသူများသည် လက်နက်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကို ချောင်းမြောင်းလုပ်ကြံ သတ်ဖြတ်နေကြသည်မှာ မြင်ရက်စရာပင် မရှိပေ။

လူသတ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ကြမည်လော၊ ဒီမိုကရေစီစနစ်၌ အမြင်မတူသူများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်ရမည်ဟု ပြဋ္ဌာန်းထားသည်လော၊ 

လောပေါင်းများစွာ မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။

နှစ်ပေါင်းများစွာက တည်ရှိခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမားများသည် ထိရှလွယ်သော ဘာသာရေး၊ သာသနာရေးများကို ပစ်မှတ်မထားဘဲ ဝေးစွာ ရှောင်ကြဉ်ခဲ့ကြသည်။ အထူးသဖြင့် သာသနိကအဆောက်အဦးများကို ပို၍ တန်ဖိုးထားကြ၏။

ယခု နွေဦးတော်လှန်ရေးပေါ်ပေါက်လာသည့် အခါ၌ကား ဘုရားပေါ်လည်း တပ်စွဲကြ၏။ ဘုန်းကြီးကျောင်းလည်း တပ်စွဲကြ၏။ စာသင်ကျောင်းနှင့် ဆေးရုံများ၌လည်း တပ်စွဲကြ၏။ ရဟန်းသံဃာတော်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ စေတီပုထိုးနှင့် ဘုရားကျောင်းကန်များကို ဗုံးကျဲခြင်းများ ပြုလုပ်လာကြ၏။

နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်လို၍ ဟုတ်သလော၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ကွန်မြူနစ်ဝါဒီ ဘာသာမဲ့တို့ ပူးပေါင်း၍ ဗုဒ္ဓဘာသာကို အမြစ်ပါမကျန် တူးဖြိုနေခြင်းလော၊ သံဃာထုနှင့် လူထုအကြား သံသယများကြီးထွားလာကြ၏။

ယခင်က သာသနိကအဆောက်အဦးများဆိုလျှင် ဝေးစွာရှောင်ကြဉ်ခဲ့ကြသော လက်နက်ကိုင်တော်လှန်ရေးသမားများသည် ယခုအခါ၌ ဘုရားပေါ်စစ်ဖိနပ်ဖြင့်တက်၍ တူဖြင့်ထုကာ ဖြိုချသည်ကိုလည်း တွေ့ရ၏။ ယခုနောက်ဆုံး၌ကား မြေကော်စက်ကြီးများဖြင့် စေတီတစ်ဆူလုံး အုတ်မြစ်ပါမချန် တူးဖြိုပစ်လိုက်ကြသည်ကိုလည်း တွေ့ရ၏။

ယခင်က သာသနိကအဆောက်အဦးများကို ရှောင်ကြဉ်ခဲ့ကြခြင်းသည် မိမိတို့ဘက်မှ အားနည်းနေချိန်ဖြစ်သဖြင့် ရန်သူတိုးပွားမည့်အရေးကြောင့် ရှောင်ကြဉ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ၌ မိမိတို့ဘက်က အရေးသာသဖြင့် မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဟု သဘောထားကာ ဘုရားကို လုပ်ကြံဖြိုဖျက်နေကြခြင်းလော၊ ပင်ကိုယ်စိတ်ကပင် ဗုဒ္ဓဘာသာအပေါ် ရန်သူလို သဘောထားနေကြခြင်းလော၊ မည်သည့်အကြောင်းကြောင့် ဘုရားကျောင်းကန် စေတီပုထိုးတို့ကို ဖြိုဖျက်တိုက်ခိုက်နေကြသည် မသိသော်လည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ရင်ထဲက အရှိတရားကို ပြည်သူများ အထင်အရှား သိမြင်ခွင့် ရရှိလိုက်ကြပေသည်။

ဌာပနာပစ္စည်းများကို လိုချင်၍ ဖြိုဖျက်သည်ဖြစ်စေ၊ မလိုမုန်းပွား၍ ဖြိုဖျက်သည်ဖြစ်စေ မိခင်မြန်မာပြည်၏ ယဉ်ကျေးမှုကို ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာဝင်များကို စော်ကားခြင်း၊ ဗုဒ္ဓဘုရားကို ပစ်မှားခြင်းများကိုကား ငြင်းဆန်၍ မရနိုင်ပေ။

ဗုဒ္ဓဘုရားဟောကြားခဲ့သည့် အပြစ်အကြီးဆုံး ကံငါးပါးရှိ၏။ ၎င်းတို့မှာ မာတုဃာတက - အမိသတ်ကံ၊ ပိတုဃာတက - အဖသတ်ကံ၊ အရဟန္တဃာတက - ရဟန္တာသတ်ကံ၊ လောဟိတုပ္ပါတက - သက်တော်ထင်ရှား မြတ်စွာဘုရားကို သွေးခြည်ဥအောင် လုပ်ကြံသည့်ကံ၊ သံဃဘေဒက - သံဃာကိုသင်းခွဲသော ကံတို့ဖြစ်ကြပေသည်။ ၎င်းကံတစ်ပါးပါး ကျူးလွန်သူသည် အလိုအလျောက် အော်တိုမက်တစ် ငရဲကျရသောကြောင့် အာနန္တရိယကံ ဟု ခေါ်ပါသည်။

စေတီပုထိုးများကို ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး လုပ်ကြခြင်းသည် အာနန္တရိယကံငါးပါးနှင့်တန်းတူ အပြစ်ကြီးပါသည်။ ထို့ကြောင့် ဧကန်မုချ ငရဲလားကြရပေမည်။ ငရဲသည် ငရဲကို ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ငရဲဒုက္ခကြီးမားကြောင်း ပြသနိုင်စွမ်းရှိသော သဘာဝအမွေဆိုးကြီး ဖြစ်ပါသည်။ ထို့ကြောင့် ကံကို မယုံကြည်၊ ငရဲဘုံကို လက်မခံသူများလည်း ငရဲနှင့် ထိပ်တိုက်တွေ့ကာ ငရဲဘုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ကြမည်သာ ဖြစ်ပါသည်။ 

တမလွန်ဘဝ ငရဲကျသည်မှာ ဝေးလွန်းလှပါသည်။ ပစ္စုပ္ပန်ဘဝ ကံကြီးထိုက်ကာ အဖွဲ့လိုက် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံကာ အစုလိုက်အပြုံလိုက် ဒုက္ခရောက်ကြ သေကြေပျက်စီးကြသည်ကိုကား အာဖဂန်နိုင်ငံရှိ ဘာမင်ဂန်ရုပ်ပွားတော်ကြီးက သက်သေပြုနေပါသည်။

မနသာ စေ ပဒုဋ္ဌေန၊ ယော နယော ပေက္ခတေမုနိ။

ဝိဇ္ဇာစရဏသပန္နံ၊ ဂန်တှာ သောနိရယံ အဓော။

ယော စ ပဗ္ဗဇိတံ ဟန္တ၊ ကတကိစ္စံ မဟောသိနံ။

သာ ကောနတ္တေ နိရယေ၊ စိရ ရတ္တာယ ပစ္စတိ။

သံကိစ္စဇာတ်၊ ဂါထာနံပါတ် ၁၀၀။ ၁၀၂။

အထ ယေ ပရိနိဗ္ဗုတေ တထာဂတေ စေတိယံ ဘိန္ဒန္တိ, ဗောဓိံ ဆိန္ဒန္တိ, ဓာတုမှိ ဥပက္ကမန္တိ, တေသံ ကိံ ဟောတီတိ ဘာရိယံ ကမ္မံ ဟောတိ အာနန္တရိယသဒိသံ။ (သာရတ္ထဒီပနီဋီကာ ၃။၂၆၁။)

ယော စ ပဗ္ဗဇိတံ ဟန္တီတိ ယော ဗာလဇနော သမဏံ ဟနတိ။ (ဇာ၊ဋ္ဌ၊၅၊ ၂၉၁)

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့သည်ကို မည်သည့်သိပ္ပံပညာရှင်၊ မည်သည့်သမိုင်းပညာရှင်မျှ မငြင်းဆန်နိုင်ကြပါ။ ဂေါတမမြတ်စွာဘုရားရှင်သည် မြင့်မြတ်သည့် လူသားဘဝမှ တရားကျင့်၍ ဘုရားဖြစ်လာရခြင်းဖြစ်ပြီး ၄၅နှစ်တာ ကာလပတ်လုံး ဟောကြားခဲ့သည့် တရားတော်များသည်လည်း ပိဋကသုံးပုံ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အဖြစ် ယနေ့အထိ ပွင့်လင်းမြင်သာ ထင်ရှားရှိနေပေသည်။ ဂေါတမမြတ်စွာဘုရားသည် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ်တော်တို့ဖြင့် ထုံမွှန်းထားသော အနှစ်အတိပြည့်သော သက်တော်ထင်ရှား ဘုရားတစ်ဆူပင် ဖြစ်ပါသည်။ 

ထိုဘုရားရှင်အား စိတ်ဖြင့်ပြစ်မှားလျင်ပင် ငရဲကျထိုက်သည့် အပြစ်ဖြစ်ပေသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဒေဝဒတ်၏ အပြစ်ကား ဆိုဖွယ်ရာပင် မရှိချေ။ ဧကန်မုချ အဝီဇိ ဂျိုးကပ်ရသည်သာ ဖြစ်ပါသည်။

ထို့အတူ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူး၍ ကိုးကွယ်ထားသော ရုပ်ပွားတော်များ စေတီပုထိုးများကို ပြစ်မှားလျင်လည်း ဘုရားကိုစော်ကားသည့် အပြစ်နီးပါး ခံစားရမည်သာဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်သည် စိတ်ကူးယဉ်ဝတ္ထုထဲက ဒဏ္ဍာရီဘုရားလည်း မဟုတ်ပါ။

ဗုဒ္ဓဘုရားရှင်သည် တမာန်တော်ပြောမှ ဘုရားရှိမှန်းသိရသည့် သမ္မုတိဘုရားလည်း မဟုတ်ပါ။

ဗုဒ္ဓဘုရားရှင်သည် ကိုယ်စားလှယ်စေလွှတ်၍ တရားဟောခိုင်းသည့် နောက်ကွယ်က လက်မည်းကြီးလည်း မဟုတ်ပါ။ 

ဗုဒ္ဓဘုရားရှင်သည် သမိုင်းအထင်အရှားမရှိသည့် အခြေမဲ့ အနေမဲ့ ဘုရားမျိုးလည်း မဟုတ်ပါ။

ဗုဒ္ဓဘုရားရှင်သည် သမိုင်းအထောက်အထားလည်း ပြည့်စုံ၊ ကိုယ်တိုင်ကြွ၍လည်း သာသနာပြု၊ ကိုယ်တိုင်ကျင့်မှ ဘုရားဖြစ်ခဲ့သည့် ဤကမ္ဘာတွင် တစ်ဆူတည်းသာရှိသော လူသားဘုရား ဖြစ်ပါသည်။

ထို့ကြောင့် ဘုရားရှင်ကို မတိုက်ခိုက်၊ မလုပ်ကြံ၊ မပြစ်မှားဖို့ ကရုဏာရှေ့ထား၍ ပြောကြားရခြင်းဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီမက်လုံးကြီးဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော ဒီမိုကရေစီသမားများကို တောင်းဆိုလိုပါသည်။ ဒီမိုကရေစီကို ယုံကြည်လျှင် ဒီမိုကရေစီကျင့်ဝတ်ကို လိုက်နာကြပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးပါ။ ဘုရားကျောင်းကန်များကိုလည်း လွတ်လပ်စွာ ရပ်တည်ခွင့်ပေးပါ။ လူ့အခွင့်အရေးကို လေးစားပါ။ ပြည်သူအများစု ကိုးကွယ်ရာကို တန်ဖိုးထားပါ။ ပြည်သူ့ဗုဒ္ဓ ပြည်သူ့ဘုရားကို မပြစ်မှားကြပါနဲ့။

နိုင်ငံတကာ နိုင်ငံရေး၌ ဝင်း ဝင်း ပေါ်လစီ (Win Win Policy)ကို ကျင့်သုံးကြ၏။ သူနိုင် ကိုယ်နိုင် အားလုံးနိုင် မူဝါဒဖြစ်၍ အားလုံးအကျိုးရှိ၏။

မြန်မာ့နိုင်ငံရေးကား လု လု ပေါ်လစီ (Lose Lose Policy) ဖြစ်နေ၏။ သူရှုံး ကိုယ်ရှုံး အားလုံးရှုံး ဖြစ်နေ၏။

ကြို့ပင်လည်းတုံး ဝန်လည်းဆုံးသည့်အပြင် ရုက္ခစိုးနတ်ပါ ဘုံပျောက်သည့်ကိန်း ဖြစ်နေ၏။

မြို့သိမ်းသူများလည်း မြို့မရပါ။

စစ်ရှုံးသူများလည်း မြို့မရှုံးပါ။

ကြားထဲမှ နှစ်ဖက်စစ်သားများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာခြင်းသာ အဖတ်တင်ခဲ့ပါသည်။

ထို့ကြောင့် ပြည်သူလည်းနာ မြို့လည်းနာသည့် လု လု ပေါ်လစီကို ရှောင်ကြဉ်ကြစေလိုပါသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မဆုံးရှုံးရေးကို ရှေးရှု၍ ပြည်သူလူထုကို တိုက်ရိုက်မထိခိုက်စေနိုင်သည့် နည်းဗျူဟာများဖြင့် တော်လှန်ရေးလုပ်ကြဖို့ တိုက်တွန်းပါသည်။

ပြည်သူလူထုကြီး အသက်အိုးအိမ်စည်းစိမ် လုံခြုံပါစေ . . .

ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပါစေ . . .

မြန်မာပြည်ကြီး အဓွန့်ရှည်စွာ တည်တံ့နိုင်ပါစေ . . .

အမျိုး ဘာသာ သာသနာ ထာဝရ တည်မြဲနိုင်ပါစေ . . .။


ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

နာယကဆရာတော်

ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊

မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)