MNP ၊ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ရတနာမာန်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်လေးကျွန်းစင်္ကြာရှင် ရတနာမာန်အောင် စေတီတော်မြတ်ကြီးအား အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်းနှင့် ရတနာရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော် မင်္ဂလာအခမ်းအနားများကို ယနေ့(တပို့တွဲလပြည့်နေ့)နံနက် ၈ နာရီက အဆိုပါ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့ထံ ပရိတ်အိုး၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကောဏ္ဍညထံမှ အနုမောဒနာ တရားနာယူကြည်ညိုကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်နှင့် ဌာပနာများကို သံဃာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများက ပင့်ဆောင်၍ ရတနာမာန်အောင်စေတီတော်မြတ်ကြီးအား လှည့်လည်ပူဇော်ခြင်း၊ အတုလကာရီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလာနန္ဒ (သာသနဓဇဓမ္မာစရိယ) ဦးဆောင်၍ မင်္ဂလာရထားပျံဖြင့် စေတီတော်ပေါ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment