ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေအား ထုတ်ပြန်ခဲ့ရာ ပြည်ပရောက် အတိုက်အခံ အင်အားစုများနှင့် မီဒီယားတချို့က ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လျက်ရှိသော်လည်း အမှန်တကယ်လိုအပ်သည့် ဥပဒေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးနေမျိုးထက် က " NUG အဖွဲ့ကဆိုရင် ဒီဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ထုတ်ပြန်ချက်တွေအမျိုးမျိုး ထုတ်ပြန်နေတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် အကြမ်းဖက်စစ်အုပ်စုရဲ့ ကြိုးစားအားထုတ်မှုအပေါ် ဘယ်လို၊ ဘယ်ညာ လုပ်မယ်ပေါ့။ သူတို့ရဲ့ ပြောဆိုမှုဟာ ဘာမှ ဘောင်မဝင်ပါဘူး။ လူထုကြားမှာ သို့လော သို့လော ဒွိဟတွေ ဖြစ်စေတာတော့ ရှိပါတယ်။ ဒီဥပဒေက အမှန်တကယ်လိုအပ်တဲ့ ဥပဒေပါ။ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့နိုင်ငံသားတွေဟာ ကာကွယ်ရေးအတတ်ပညာကို မဖြစ်မနေ တတ်မြောက်ထားသင့်တယ်။ အရေးကြုံလာမှ ဗြုတ်စဗျင်းတောင်း ထလုပ်တာထက် အခုကတည်းက စနစ်တကျ ပြင်ဆင်ထားရင် အရေးပေါ်လာတဲ့အခါ အဆင်သင့်ဖြစ်နေလိမ့်မယ်။ ကမ္ဘာ့စစ်ရေး အနေအထားက ခန့်မှန်းရခက်တယ်။ အင်အားကြီးနိုင်ငံတွေရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေက မိမိနိုင်ငံမှာ စစ်ရေးတင်မာမှုတွေ ဖြစ်လာနိုင်တယ်။ မိဘ ပြည်သူများက ဥပဒေကို သေသေချာချာ လေ့လာပြီး အပြုသဘောဆန်ဆန် တွေးပါ။ စစ်မှုထမ်းတိုင်းလည်း စစ်တိုက်ရတာ မဟုတ်ပါဘူး။ စစ်သားတိုင်းလည်း မသေပါဘူး။" ဟု ပြောသည်။
နိုင်ငံရေးပါတီ ဦးဆောင်သူတစ်ဦးကလည်း "ဥပဒေထွက်လာတာ ပူပူးနွေးနွေးပဲ ရှိသေးတယ်။ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန်ရေးသားဖော်ပြမှုတွေကြောင့် မိဘပြည်သူတွေစိုးရိမ်နေကြတာပါ။ နောက်ပိုင်းကြရင်တော့ အသားကျသွားမှာပါပဲ။ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ မျိုးဆက်သစ်လူငယ်တွေက ဥပဒေနဲ့အညီ စစ်မှုထမ်းဆောင်ချင်လာပါလိမ့်မယ်။ အခုအနေအထားကတော့ လုပ်ကြံဖန်တီးရေးသားမှုတွေကြောင့် စိုးရိမ်မှု လွန်ကဲနေတဲ့ သဘောပါပဲ။"ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် ပြည်ပမီဒီယာများတွင် ပေါ်တာစွဲသည်ဟူသော ကောလဟာလသတင်းများ စဉ်ဆက်မပြတ် ဖန်တီးရေးသားဖော်ပြမှုများ လုပ်ဆောင်လျက်ရှိသော် ဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းနေဆဲသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယမန်နေ့က ကျင်းပသွားခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment