MNP ၊ ဖေဖော်ဝါရီ ၈
အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၄)ကြိမ် မြောက်အစည်းအဝေးကို အာဆီယံကော်မတီ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ ၁၀ ၃၀ နာရီတွင် Royal Ottawa Golf Club ရှိ Founders ခန်းမ၌ လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကော်မတီလုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီးက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးတွင် မြန်မာသံရုံးက (၂၅-၁-၂၀၂၄) ရက်နေ့၌ လက်ခံကျင်းပသည့် ကော်မတီလုပ်ငန်းအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများအပြင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အလုပ်သဘောနေ့လယ်စာစားပွဲများ ကျင်းပပြုလုပ်ရေးကိစ္စအပါအဝင် မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ လက်ခံသည့်နိုင်ငံ၌ အာဆီယံ၏အကျိုးစီးပွားနှင့် အာဆီယံ၏ ပုံရိပ်တို့ကို ပိုမိုတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အကြား အပြန်အလှန်လည်ပတ်ရန်ရှိသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၏ ခရီးစဉ်များ စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် အာဆီယံကော်မတီ (အော်တာဝါ) ၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment