နီပိန်း အကြမ်းဖက်ဝါဒီတွေ ဘယ်လောက်ရက်စက်သလဲဆိုတာ နစကအစိုးရအဖွဲ့ဝင်များထံ တင်ပြပေးကြပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပိန်း အကြမ်းဖက်ဝါဒီတွေ ဘယ်လောက်ရက်စက်သလဲဆိုတာ နစကအစိုးရအဖွဲ့ဝင်များထံ တင်ပြပေးကြပါ





မြန်မာနိုင်ငံမှာ စနစ်တကျ အခိုင်အမာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းက တပ်မတော်ပဲ ရှိတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ စုံစမ်းထောက်လှမ်းရေးအတွက် ဖြန့်ကျက်ထားနိုင်တာလဲ တပ်မတော်ပဲ ရှိပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးသည့် အချိန်ကစလို့ နီပိန်းတွေက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ လုပ်နေလိုက်ကြတာ မြင်မကောင်း ရှုမကောင်းအောင်ပါပဲ။

နီပိန်းတွေက တပ်မတော်ကို တိုက်ရိုက် တိုက်ခိုက်ဖို့မလွယ်ကူတဲ့အခါကြတော့ တပ်မတော်ကို ထောက်ခံအားပေးတဲ့ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ ဒီရက်ပိုင်းအတွင်း တပ်မတော်သားတွေရဲ့ သတင်း channel တွေမှာ နီပိန်း အကြမ်းဖက်ဝါဒီတွေက အပြစ်မဲ့ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းများကို ပြန်လည်စုစည်းဖော်ပြနေတာတွေကို တွေ့မြင်ရပါတယ်။

နီပိန်းတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ဘာကြောင့် အဲဒီလောက်အထိ စိတ်ထင်တိုင်း သတ်နိုင်တာလဲဆိုတာကိုလည်း ပြန်ပြီး သုံးသပ်ဖို့ကောင်းပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ အချိန်နဲ့တပြေးညီ ကာကွယ်ပေးဖို့ကို မဆိုထားနဲ့ သတ်ဖြတ်သွားတဲ့ အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးကို အလေးထား လုပ်ဆောင်ခြင်းမရှိဘူး။ အကြမ်းဖက်သမားတွေက ဖမ်းဆီးအရေးယူခြင်း မခံရတော့ သတ်ချင်တိုင်း သတ်သည်ပေါ့။ ဆိုရင် မြို့တိုင်း၊ နယ်တိုင်းမှာ တပ်မတော်အရာရှိတွေက စီမံအုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေကြတယ်မဟုတ်ပါလား။ တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့အဖွဲ့အစည်းဆိုလို့ တပ်မတော်နဲ့ ရဲပဲ ရှိတယ်မဟုတ်ပါလား။

လက်နက်ကိုင်ပြီး အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်နေတဲ့ နီပိန်း အကြမ်းဖက်ဝါဒီတွေကို တပ်မတော်နဲ့ ရဲကမှ တာဝန်ယူပြီး မနှိမ်နင်းရင် အကြမ်းဖက်လှုပ်ရှားမှု ချုပ်ငြိမ်းပပျောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

နိုင်ငံတော်အကြီးအကဲများအနေနဲ့ ပြည်လည်သုံးသပ်ကြည့်ရင် ပြည်သူပူးပေါင်းပါဝင်တဲ့ ကာကွယ်ရေးအစီအမံများ ဆောင်ရွက်သွားမယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေစဉ်ကတည်းက ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောခဲ့တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲတွေဟာ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲတွေဖြစ်တယ်။ အဲဒီ ရှင်းလင်းပွဲတွေမှာ ပြောတဲ့စကားတွေဟာ ဥပဒေကဲ့သို့ ထိရောက်ရမယ်။ နိုင်ငံတော်အဆင့်က အဲဒီလို ရှင်းလင်းပြောဆိုထားသော်လည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ မြို့/ရွာဒေသတွေမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖော်ဆောင်ခဲ့သလား။ မဖော်ဆောင်ခဲ့ကြပါဘူး။ တချို့ အကြမ်းဖက်လှုပ်ရှားမှုကို အားမပေးတဲ့ ကျေးရွာတွေမှာ နီပိန်း ပဒက် အကြမ်းဖက်သမားတွေက ပတ်ပတ်လည်က ဝိုင်းရံထားတယ်။ ကျေးရွာအထွက်လမ်းတွေမှာ မိုင်းတွေ ထောင်ထားတယ်။ မြို့နယ်၊ ခရိုင်တွေမှာ ရှိတဲ့ အရပ်ဘက်က အရာရှိတွေကို ကျွန်တော်တို့က အားကိုးလို့ မရဘူး။ သူတို့တွေဟာ ခေါက်ရိုးကျိုး ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာဖို့သာ အဓိက အာရုံထားပြီး လုပ်စားခဲ့ကြသူတချို့ ရှိတယ်။ နီပိန်းတွေ က တကယ်ကို မိုက်ရူးရဲဆန်ဆန် လုပ်လာပြီဆိုတဲ့ အခါမျိုးမှာ သူတို့ ဘာမှမတတ်နိုင်တော့ဘူး။ လူထုကို ဦးမဆောင်နိုင်တော့ဘူး။ အစဉ်အဆက် လူထုကို ဦးဆောင်ခဲ့ကြသူတွေလည်း မဟုတ်လေတော့ သူတို့ မိသားစုတွေသာ အလွတ်ရုန်းထွက်နိုင်ဖို့ အဓိက လုပ်ကြတယ်မဟုတ်လား။

ယနေ့ တိုင်းပြည်ကို ဦးဆောင်နေတာ တပ်မတော် ဖြစ်တယ်။ သက်ဆိုင်ရာ နယ်မြေဒေသများမှာ အရပ်ဘက် အရာရှိများ ဘယ်လိုပင် မျက်နှာပြောင်တိုက်နေစေကာမူ တပ်မတော် အရာရှိများက နေလို့ မရဘူး။ အရပ်ဘက် အရာရှိများနဲ့ အလိုတူအလိုပါ ကိုယ်ကျိုးရှာလိုမှုကိုသာ အာရုံထားပြီး လုပ်နေလို့ မသင့်တော်ဘူး။ 

နီပိန်း ပဒက် အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို သတ်တယ်။ ဒီမှတ်တမ်းတွေကို တပ်မတော်စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေကပဲ ရမှာဖြစ်ပါတယ်။ 

ဆိုတော့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေ က လူ့အသိစိတ်ကင်းမဲ့စွာ အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် ဇာတ်ဖြတ်သတ်တာ၊ ရဲအရာရှိတစ်ဦးကို ခြေဖြတ်၊ လက်ဖြတ်ပြီး လမ်းလယ်ကောင် ပစ်ထားတာ၊ အမျိုးသမီးတစ်ဦးကို လမ်းလယ်မှာ ဒူးထောက်ခိုင်းပြီး ပစ်သတ်တာ၊ မိသားစုဝင် ၇ဦး ၈ဦး ကို အစုလိုက် အပုံလိုက် ပစ်သတ်ခဲ့တာတွေကို ပြည်သူတွေကို တွေ့မြင် သိရှိခဲ့ရပြီး နီပိန်း ပဒက် အကြမ်းဖက်သမားတွေကို အော့နှလုံးနာလှပြီ။

ဒီမြင်ကွင်းတွေဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးသော အနိဋ္ဌာရုံမြင်ကွင်းတွေပါ။ တွေ့မြင်သူတိုင်း အကုသိုလ်များပါတယ်။ ဒါတွေကို ပြည်သူတွေက တွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ ကြုံခဲ့ရပြီဖြစ်လို့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြတ်သားစွာ လုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုနေကြခြင်းဖြစ်ပါတယ်။

နီပိန်း ပဒက် အကြမ်းဖက်ဝါဒီတွေက သံဃာတော်တွေ၊ အပြစ်မဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို အများပြည်သူ သိအောင် ချပြနေသလိုပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ သိရှိအောင်လည်း မှတ်တမ်းမှတ်ရာများ ပြုစုပြီး တင်ပြပေးကြစေလိုပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ထင်မြင်ယူဆချက်မှာ နီပိန်း ပဒက် အကြမ်းဖက်ဝါဒီတွေ အဲဒီလောက်အထိ ယုတ်မာရိုင်းစိုင်းလိမ့်မယ်လို့ တွေးဆထားပုံ မပေါ်ဘူး။ ဖြစ်စဉ် ဖြစ်ရပ် မှတ်တမ်းတွေကို သိမြင် တွေ့ရှိရရင် ပိုမိုထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

နီပိန်း ပဒက် အကြမ်းဖက်ဝါဒီတွေရဲ့ အော့နှလုံးနာစရာကောင်းလွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူတွေ တွေ့မြင် ခံစားခဲ့ကြရပြီးပါပြီ။ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများဟာ KIA, PDF အကြမ်းဖက်သမားတွေရဲ့ လက်ထဲမှာ တိရစ္ဆာန်တွေကို သားသတ်သမားများက သတ်သလို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ ပြည်သူများက သိမြင် ခံစားနေရလို့ အော့နှလုံးနာလှပြီ။ နစကအစိုးရ အကြီးအကဲများ ကြည့်ရှုသုံးသပ်ပြီး အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုထိရောက်တဲ့ အစီအမံများနဲ့ ဆောင်ရွက်ကြဖို့ရာမှာ နှေးကွေးတုန့်ဆိုင်းနေရမယ့် ကာလမဟုတ်တော့ပါဘူး။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)