နိုင်ငံရေးအတွေးအမြင် ဗဟုသုတရှိပါမှ…… - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးအတွေးအမြင် ဗဟုသုတရှိပါမှ……



ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှန်သရွေ့ ရွေးကောက်ပွဲလမ်းကြောင်းကို မလွဲမသွေဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့်ပြည်သူတွေကရွေးကောက်ခံအစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကိုရွေးချယ်တင်မြှောက်ကြရတာဖြစ်ပါတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံကြီးတွေက ပြည်သူအများစုကတော့ နိုင်ငံရေးရေချိန်မြင့်မားလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ပါတီစုံဒီမိုကရေစီစနစ်ကို လက်ရှိကာလတိုင် ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် သာမန်ပြည်သူများအနေနဲ့ နိုင်ငံရေးအသိအမြင်ဗဟုသုတတွေရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးသမားတို့ရဲ့ ရုပ်ပုံလွှာက ဘယ်လိုလဲ ဆိုတာကိုအကြမ်းဖျင်း နားလည်သဘောပေါက်ထားဖို့တော့ လိုတာပေါ့။


တစ်ခေတ်တစ်ခါက နိုင်ငံရေးသမားကြီးတွေရဲ့ရုပ်ပုံလွှာ

ဒီဘက်ခေတ်တော့ မပြောတတ်ဘူး။ ကျွန်မတို့ငယ်စဉ်ကာလမှာတော့ အဖေက သူသိမီခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလက တို့ဗမာအစည်းအရုံးဝင် သခင်နိုင်ငံရေးသမားကြီးတွေ၊ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးသမားတို့ရဲ့ ရုပ်ပုံလွှာတွေအကြောင်း တစေ့တစောင်းပြောပြလေ့ရှိပါတယ်။ ဒါကြောင့်မို့ ထင်ပါရဲ့၊ ကျွန်မအရွယ်ရောက်လာတော့ လက်လှမ်းမီရာ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးစာပေတွေ၊ နိုင်ငံရေးအတ္ထုပ္ပတ္တိ စာပေတွေကို ပိုပြီးဇောင်းပေးဖတ်ရှုဖြစ်တယ်။ တစ်ခေတ်တစ်ခါက နိုင်ငံရေးသမားကြီးတွေရဲ့ ရုပ်ပုံလွှာက ဘယ်လိုရှိမလဲ။ သူတို့ရဲ့ နိုင်ငံ ရေးခံယူချက်တွေက ဘာတွေလဲပေါ့။


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ သခင်ဝတင်က အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ သခင်မြနဲ့ပတ်သက်ပြီး“သခင်မြသည် နာမည်ကြီးချင်တာကို အောင့်၍ထားနိုင်သည်။ ပိုက်ဆံချမ်းသာချင်တာကိုအောင့်၍ထားနိုင်သည်။ ဝင့်ဝင့်ဝါဝါမရှိ။ ဖြစ်သလိုနေနိုင်၊ ဝတ်နိုင်၊ အိပ်နိုင်သည်။ လိုချင်တာကို အောင့်၍ထားနိုင်သည်။ ဘယ်နေရာတွင်မှ မာနမရှိ။ စိတ်ဆိုးစရာကို အောင့်နိုင်သည်။ တစ်စုံတစ်ရာတွင် ပြဿနာနှင့် တွေ့ကြုံက အမှန်ဆုံးဖြစ်အောင် စဉ်းစားချင့်ချိန်၍ ဆုံးဖြတ်နိုင်သည်။ ဆိုခဲစေ၊ မြဲစေဆိုသည့်အတိုင်း စကားကို အလွန်အကျွံဘယ်အခါမှ မပြော။ လူသားများထဲမှ အကောင်းဆုံးသော လူသားတစ်ဦးကို လက်ညှိုးထိုးပြစမ်းပါဟုဆိုလျှင် သခင်မြအား စံပြနမူနာလူသားအဖြစ် ပြနိုင်ပါသည်”လို့ ရေးသားခဲ့ပါတယ်။


ထို့အတူပဲ သခင်ဝတင်နဲ့ ပတ်သက်ပြီး ဆရာမောင်ဝံသက “သခင်ဝတင်ဟာ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှားရှိချိန်မှာ ဖဆပလ ဗဟိုအလုပ်အမှုဆောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဗမာ ပြည်ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးစတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်တယ်။ သို့ပေမယ့် သူ့သက်တမ်းမှာ တစ်ခါမှ ဝန်ကြီးရာထူး မယူခဲ့ဘူး။ ပါတီစည်းရုံးရေးကိုပဲ ဇောက်ချလုပ်ခဲ့တယ်ဗျာ။


သခင်ဝတင်ဟာ အစိုးရရာထူးမယူတဲ့ နိုင်ငံရေးသမားဖြစ်တဲ့အတွက် သူ့ရဲ့သီလသမာဓိကို လုပ်ဖော်ကိုင်ဖက်အတော်များများက အသိအမှတ်ပြုတယ်။ လေးစားကြတယ်။ သူဟာ ကိုယ်ကျင့်သီလ လုံခြုံတဲ့နေရာမှာလည်း စံပြုအပ်သူဖြစ်တယ်လို့ ထင်ရှားတယ်။ ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ လောင်းကစား ဘာတစ်ခုမှအငြိအစွန်း မရှိဘူး။ ဒါတင် မကသေးဘူး။ နိုင်ငံရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးခံယူချက်အပိုင်းမှာလည်း မည်သည့်အခါမှ ဖောက်လွဲ ဖောက်ပြန်မရှိခဲ့ဘူးဗျ” လို့ “ရှာမှရှားတဲ့ နိုင်ငံရေးသမား” ဆိုပြီး ရေးသားခဲ့ပါတယ်။


တစ်ဆက်တည်းမှာပဲ သခင်ဝတင်ဟာ လွတ်လပ်ရေးမော်ကွန်း ဝင်ပထမဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်ဘွဲ့ ရခဲ့လို့ ထိုခေတ် ၁၉၈၅- ၈၆ က လက်လွှဲပြန်ရောင်းရုံနဲ့ ငွေတစ်သိန်း အသားတင်ရမယ့် ဘီ ၆၀၀ မာဇဒါကားဝယ်ခွင့်လျှောက်ဖို့ သက်ဆိုင်ရာက လျှောက်လွှာပုံစံပါ ဖြည့်လာခဲ့ပေမယ့် သခင်ဝတင်ဟာ လုံးဝလက်မှတ်မထိုးခဲ့ဘူးလို့ ဆိုပါတယ်။


ထို့အတူပဲ ထိုခေတ်က ပဒုမ္မာဆိုင်ကပစ္စည်းထုတ်ခွင့် ကုန်ဝယ်စာအုပ်ရပြန်တော့လည်း သခင်ဝတင်ဟာ ဘာတစ်ခုမှမထုတ်ခဲ့ဘဲ မိသားစုစားဖို့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အားလုံးကို ရပ်ကွက်ပြည်သူ့ဆိုင်နဲ့ သမဝါယမဆိုင်ကပဲ ဝယ်စားတယ်လို့ ဆိုပါတယ်။


“နိုင်ငံရေးသမားဆိုတာ ပြည်သူတွေနဲ့တစ်လှေတည်းစီး တစ်ခရီး တည်းသွားနေသလိုနေထိုင်ရမယ်။ တစ်လှေတည်းမှာပါလာတဲ့လူတွေ ငတ်ပြတ်နေချိန်မှာ ကိုယ်တစ်ယောက်တည်း ထမင်းထုပ်ဖြေစား နေတာမျိုးမလုပ်ရဘူးကွဲ့” ဆိုတဲ့ သခင်ဝတင်ရဲ့ ဆိုဆုံးမမှုကလည်း မှတ်သားစရာအလွန် ကောင်းပါတယ်။


ထို့အတူပဲ “မောင်ဝံသဘာကြောင့် နိုင်ငံရေးထဲဝင်သလဲ၊ တိုင်းပြည် နဲ့လူမျိုးအတွက် လုပ်ချင်လို့ပါလို့ ဖြေမှာပဲ မဟုတ်လား။ တိုင်းပြည် နဲ့လူမျိုးအတွက် ရာခိုင်နှုန်းဘယ်လောက်၊ ကိုယ့်အကျိုးအတွက် ရာခိုင်နှုန်းဘယ်လောက်၊ ချိန်ဆကြည့်၊ ကိုယ့်ဘာသာ အဖြေထုတ်၊ ကိုယ့်ဘာသာ အမှတ်ပေး၊ နိုင်ငံရေးသမားကောင်းဖြစ်ချင်ရင် အောင့်နိုင်ရမယ်။ စောင့်နိုင်ရမယ်ကွဲ့” ဆိုတဲ့အကြံပြု လမ်းညွှန်ချက်များကလည်း တန်ဖိုးရှိလှပါပေတယ်။


တစ်ချိန်က ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေကတော့ “နိုင်ငံရေးသမားဆိုတာ မီးရထားစက်ခေါင်းနဲ့တူရသည်။ ပြည်သူဖြစ်သော တွဲပေါင်းများစွာကို လိုရာခေါ်ဆောင်သွားသောအခါမိမိနှင့်တစ်ပါတည်း အတူတကွ ခေါ်ဆောင်သွားသကဲ့သို့”ဆိုပြီး ဆိုရှယ်လစ်လူငယ်များကို သွန်သင်ပို့ချခဲ့ပါတယ်။


ဆရာဒဂုန်တာရာကတော့ “နိုင်ငံရေးသမားဆိုသည်မှာ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်ဆောင်ရွက်သော ဝန်ထမ်းတစ်ဦးဆိုရမည်လား”လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တစ်ဆက်တည်းမှာ ဆရာက “နိုင်ငံရေးသမားများတွင် စာပေနှင့်မကင်းကွာဖို့ လိုပေသည်။ လီနင်ဆိုလျှင် စာပေသဘောတရားများ ရေးနိုင်ခဲ့၏။ ဂေါ်ကီ၏ဝတ္ထုကိုကောင်းကောင်း ဖတ်ကာ ဝေဖန်ခဲ့၏။ ပလက်ကင်နော့မှာ အနုပညာသဘောများ ရေးခဲ့၏။ မော်စီတုံးမှာ ခက်ခဲသောကာရန်ဖြင့် ကဗျာများပင်စီကုံးခဲ့သည်။ သခင်နု၊ သခင်သန်းထွန်းတို့သည်လည်း စာရေးကောင်းသူများ ပင်ဖြစ်ကြသည်။ သခင်အောင်ဆန်းသည် စာရေးကောင်းသူတစ်ဦး ဖြစ်သည်” လို့ ရေးသားခဲ့ပြီး ဦးကျော်ငြိမ်းကိုတော့ “ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များထဲတွင် သူသည်စာဖတ်သည်ဟု ကျွန်တော်သိနေသည်။ ဂျပန်ခေတ်က သူနှင့်အတူ စမ်းချောင်းရှိ သူ့စာအုပ်များထားရာ အိမ်သို့ ရောက်သွားဖူးသည်။ အခန်းထဲတွင် စာအုပ်များပြည့်နှက် နေသည်”လို့ မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။


ချစ်စရာကောင်းတဲ့ ဒီမိုကရေစီနိုင်ငံရေးသမား

သခင်လွင်ကိုလည်း ဆရာက စာပေမွေ့ သူတစ်ယောက်လို့ ဆိုပါတယ်။ ဒါ့အပြင် သခင်လွင်ဟာ နိုင်ငံရေးသမားတွေထဲမှာ ချစ်စရာကောင်းတဲ့ ဒီမိုကရေစီနိုင်ငံရေးသမားလို့လည်း ညွှန်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်း အမှုဆောင်အစည်းအဝေးတွေမှာ သခင်လွင် နဲ့ကွဲလွဲချက်တွေရှိလို့ ဆွေးနွေးငြင်းခုံမှုတွေရှိရင်လည်း ရန်မလုပ်ဘူး။ အခင်အမင် မပျက်ဘူးတဲ့။ အယူအဆတွင် ထပ်တူထပ်မျှ တူစရာမလို၊ သဘောထားကွဲလွဲလျှင်လည်း ညှိနိုင်သည်၊ ဆွေးနွေးနိုင်သည်။ ယင်းသို့သော သဘောထားမြင့်မြတ်သော နိုင်ငံရေးစိတ်ထားမျိုး သခင်လွင်မှာရှိတယ်လို့ ဆိုပါတယ်။


မီးတုတ်သခင်သိန်းမောင်ကြီးရဲ့ နိုင်ငံရေးရုပ်ပုံလွှာကိုတော့ ဆရာ ကြီးသိန်းဖေမြင့် က “သခင်သိန်းမောင်ကြီးသည် မြန်မာပြည်သို့ကမ္ဘာ့ တိုးတက်သောအယူအဆများကို တင်သွင်းခဲ့သူများတွင် ရှေ့တန်းကပါဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်”လို့ ဆိုတယ်။


ဒါ့အပြင် သခင်သိန်းမောင်ကြီးဟာ တို့ဗမာအစည်းအရုံးကို တည်ထောင်သူတစ်ဦးလည်းဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ ရှေ့တန်းမှ ပါဝင်ရုံမက တိုးတက်သောနိုင်ငံရေးဝါဒများကို ဖြန့်ချိခဲ့ တယ်။ တို့ဗမာအစည်းအရုံးမှာ သခင်ဗစိန်နဲ့ သခင်သိန်းမောင်ကြီးတို့ ကွဲတဲ့အခါ ပြန်လည်ရင်ကြားစေ့ဖို့အတွက် သခင်ကိုယ်တော်မှိုင်းကို နှစ်ဖက်စလုံးက လွှဲအပ်ခဲ့တယ်။ ပြန်စေ့မပေးနိုင်တဲ့အခါကျတော့ သခင်ဗစိန်က သူ့ဂိုဏ်းကိုခေါင်းဆောင်မှုပြန်ယူပြီး သခင်ကိုယ်တော် မှိုင်းနဲ့တစ်ဖက်သောသခင်ဂိုဏ်းကို တိုက်ခိုက်လေတယ်။ သခင်ဗစိန်က သေသည်အထိ နိုင်ငံရေးစင်မြင့်ပေါ်မှာ နေသွားပေမယ့် သခင်သိန်းမောင်ကြီးကတော့ သူ့ဂိုဏ်းကို ခေါင်းဆောင်မှု ပြန်မယူတော့ဘူး။ သခင်ကိုယ်တော်မှိုင်းက ဘေးဖယ်လိုက်တဲ့အတိုင်း ဘေးမှာပဲနေခဲ့ တယ်လို့ဆိုတယ်။


တို့ဗမာအစည်းအရုံးကြီးအဖြစ် စည်းရုံးဆောင်ရွက်

သခင်နု၊ သခင်အောင်ဆန်းစတဲ့ အင်အားသစ်များနဲ့ သူ့ဂိုဏ်းဝင် များပူးပေါင်းပြီး သခင်ကိုယ်တော်မှိုင်းကို နာယကထားကာ လူများစုထောက်ခံသော တို့ဗမာအစည်းအရုံးကြီးအဖြစ် စည်းရုံးဆောင်ရွက် သွားကြတာကို ကျေနပ်စွာထောက်ခံခဲ့တယ်။ မင်းသားကြီး မလုပ်ရရင် ပတ်မထိုးဖောက်သောပုဂ္ဂိုလ်မျိုးမဟုတ်ကြောင်း ပြသသွားခဲ့တယ်။ ထိုအချိန်မှစပြီး သူဟာနိုင်ငံရေးစင်မြင့်ပေါ်က ဆင်းသွားခဲ့တယ်လို့ ဆရာကြီးသိန်းဖေမြင့်က “သခင်သိန်းမောင်ကြီး(သို့မဟုတ်) အရှင်သောမ” ခေါင်းစဉ်နဲ့ ၁၄၊ ဇူလိုင်၊ ၁၉၇၀ ထုတ် ဗိုလ်တထောင် သတင်းစာမှာ ပုံဖော်ရေးသားခဲ့ပါတယ်။


သခင်ဗစိန်ကတော့ မြင်းခြံမြို့မှာကျင်းပတဲ့ ဒုတိယညီလာခံမှ အစပြုပြီး သူ့လက်ဝဲ လွန်ကျွံမှုများနဲ့ ဂိုဏ်းဂဏအုပ်စုခွဲ လက်တွေ့လုပ်ငန်းများကြောင့် တို့ဗမာအစည်းအရုံးမှာ ခေါင်းဆောင်မှုကျဆုံး လာခဲ့တယ်လို့ဆိုပါတယ်။


သခင်သန်းထွန်းနဲ့ သခင်စိုးတို့ကတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ သင်ခန်းစာယူစရာ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ၂၉၊ စက်တင်ဘာ၊ ၁၉၆၈ နဲ့ ၂၊ အောက်တိုဘာ၊ ၁၉၆၈ ထုတ် ဗိုလ်တထောင်သတင်းစာရဲ့ ပွင့်ပွင့်လင်းလင်းပြောပါရစေကဏ္ဍပါ ဆရာသိန်းဖေမြင့်ရဲ့ “တောခိုစေသော အကြောင်းတစ်ကြောင်း” ဆောင်းပါးမှာ သခင်သန်းထွန်းရဲ့ ရုပ်ပုံလွှာတစေ့တစောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။


“ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရခြင်းအကြောင်းအမျိုးမျိုး အနက်ခေါင်းဆောင်ဖြစ်သူ သခင်သန်းထွန်းရဲ့ စိတ်နေစိတ်ထား၊ ဉာဉ်၊ စရိုက်၊ သဘာဝစတဲ့ ပုဂ္ဂိုလ်ရေးရာအကြောင်းဟာတစ်ကြောင်း ဖြစ်ကြောင်း ထင်ရှားတယ်”လို့ ဆရာက သုံးသပ်ဝေဖန်ခဲ့ပါတယ်။


“သခင်သန်းထွန်း တောခိုရန်ဆုံးဖြတ်ချက်ချစဉ်က သူဟာ လေးနက်သော နိုင်ငံရေးအကြောင်းများကို ရှေ့တန်းထားမစဉ်းစား။ ‘ခံဘက်ကမနေဘူး’ ဟူသော သူ့ပုဂ္ဂိုလ်ရေး စိတ်နေသဘောထား၊ သူ့ဉာဉ်၊ သူ့စရိုက်သဘာဝတို့ကသာလျှင် ရှေ့တန်းရောက်နေတယ်။ သူ့အတွေးအခေါ်နဲ့ သူ့အမူအကျင့်များကိုလွှမ်းမိုးနေတယ်။ သခင်သန်းထွန်းတို့ လူစုဟာ အဆုံးအဖြတ်ခန်းမှပါဝင်ရမည့် အကြောင်းများကို ပြည့်ပြည့်စုံစုံ ပယ်ပယ်နယ်နယ် မဆင်ခြင်မသုံးသပ်ရသေး။ ဗဟိုကော်မတီဆုံးဖြတ်ချက်ပင် မချရသေးဘဲ ဗမာပြည်ကွန်မြူနစ် ပါတီဝင်အများစုနှင့်ပြည်သူလူထုရဲ့အတော်ကြီးသော အစိတ်အပိုင်းကို တောခိုသွားစေနိုင်ခဲ့ပြီး နှစ် ၂၀ ကျော်ကြာ ခံနိုင်ရည်ရှိစေခြင်းဟာ အထက်ဖော်ပြပါအတိုင်း ပုဂ္ဂိုလ်ရေးဆိုင်ရာအမြင်များ၊ စိတ်နေ စိတ်ထားများ၊ ဉာဉ်များ၊ စရိုက်သဘာဝများ လွှမ်းမိုးခြင်းခံရသော အစိတ်အပိုင်းက နိုင်ငံရေးလောကမှာ အတော်အားကောင်းနေခဲ့ခြင်း ကြောင့် ဖြစ်ကြောင်းပါဗျာ”လို့ ဆိုပါတယ်။


ဒါ့အပြင် ဆရာက “နိုင်ငံရေးလုပ်ကြရာမှာ လူပေါင်းများစွာဟာ ယထာဘူတကျတဲ့ နိုင်ငံရေးအမြင်ထက် ပုဂ္ဂိုလ်ရေးအမြင်က၊ လူတန်းစားရပ်တည်မှုထက်ပုဂ္ဂိုလ်ရေးဉာဉ်က၊ ခေါင်းအေးတည်ငြိမ်သော နိုင်ငံရေးအလေ့အကျင့်စရိုက်သဘာဝထက် ခေါင်းပူသွေးကြွသော ပုဂ္ဂိုလ်ရေးအလေ့အကျင့်စရိုက်သဘာဝက လွှမ်းမိုးခြင်းခံရတယ်”လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။


“ကျုပ်ကို ကြည့်လိုက်ကြဗျ။ ကျုပ်ဟာ ယနေ့မြန်မာနိုင်ငံရေး အကွဲအပြဲများရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပြည်သူတွေသေကျေ ပျက်စီး၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေ မီးလောင်ဆုံးရှုံးစေတဲ့ ပြည်တွင်းစစ်ရဲ့တရားခံဟာ ကျုပ်ဖြစ်ပါတယ်”ဆိုပြီး ၁၉၅၂ ခုနှစ် တစ်ဝိုက်က ရောက်လေရာအရပ်မှာ ရင်ဘတ်စည်တီးပြောကြားခဲ့တဲ့ အလံနီ သခင်စိုးရဲ့ ရုပ်ပုံလွှာကလည်း ဂိုဏ်းဂဏစွဲဝါဒကြီးသူတို့အတွက် နိုင်ငံရေးသင်ခန်းစာတစ်ရပ်ပါပဲ။


သခင်အောင်ဖေကတော့ “နိုင်ငံရေးသမားများသည် နိုင်ငံရေး အဆစ်အချိုးအကွေ့အကောက်များနှင့် တွေ့ကြုံခဲ့သော် မိမိ၏ရည်မှန်းချက်၊ ယုံကြည်ချက်များကို မသွေမဖည် တည့်တည့်မတ်မတ်ဣန္ဒြေရရ၊ သိက္ခာရှိရှိ၊ တည်တည်ကြည်ကြည်၊ ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်သူ အတော်ရှားသည်။


နိုင်ငံရေးသမားဆိုသူများတွင် သူ့ခေတ်နှင့်သူ ငို့ဘသမားများ၊ ရေသာခို ရေလိုက်ငါးလိုက်သမားများ၊ အချောင်သမားများ၊ သူများတကာ နို့သက်ခံစို့သူများ၊ ဟေးလားဝါးလားသမားများ၊ ဟုတ်ပါ့ မှန်ပါ့သမားများလည်းရှိတတ်ကြရာ ကံမကောင်း အကြောင်းမလှဖြစ်၍ ခေါင်းဆောင်ကောင်းနှင့်မတွေ့ဘဲ နိုင်ငံရေးလုပ်စားသူများနှင့် တွေ့၍ ၎င်းတို့ နယ်ထဲရောက်သွားခဲ့သည်ရှိသော် အကျိုးနည်းရပေတော့မည်”လို့ဆိုပါတယ်။


အထက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ကျွန်မစိတ်ဝင်တစားရှိလို့ လက်လှမ်းမီရာ လေ့လာဖတ်ရှုခဲ့တဲ့ တစ်ခေတ်တစ်ခါက နိုင်ငံရေးသမားကြီးတို့ရဲ့ ရုပ်ပုံလွှာ တစေ့တစောင်းပဲဖြစ်ပါတယ်။


နိုင်ငံရေးသမား၏ရုပ်ပုံကို သိမှသိပါလေစ

ဆရာဒဂုန်တာရာက “ယနေ့ခေတ်ကြီးပြင်းလာကြသော လူငယ်ကလေးများနိုင်ငံရေးသမား၏ ရုပ်ပုံကားချပ်ကို မည်ကဲ့သို့ပုံဖမ်းမည် မသိ။ နိုင်ငံရေးသမား၏ရုပ်ပုံကို သိမှသိပါလေစ”လို့ ဆိုခဲ့တဲ့အတွက် နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ မျိုးဆက်သစ်လူငယ်များအတွက် တတ်အားသ‌ရွေ့ ကောက်နုတ်ဖော်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။


ကျွန်မကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စံပြနိုင်ငံရေးသမား ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ “အများအားဖြင့် စင်မြင့်ပေါ်တက် အသံကျယ်ကျယ်အော်၊ ဟိုဆဲသည်ဆဲဆိုလျှင် နိုင်ငံရေးဟုထင်၏။ ဤအရာမျိုးက နိုင်ငံရေးမဟုတ်။ မင်မ်ဂေါ်ဂီခေါ် လူပြိန်းကြိုက် လူပေါစားအလုပ်မျိုးဖြစ်၏။ မိမိကိုယ်ကို နာမည်ကြီးအောင် ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ်၏” လို့ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အနှစ်သက်ဆုံးပါ။      ။


ခင်သန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)