ကျောင်းကုန်းမြို့နယ်တွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော ကျေးရွာရေရှိရေးစီမံကိန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့နယ်တွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော ကျေးရွာရေရှိရေးစီမံကိန်း ဖွင့်ပွဲကျင်းပ



ကျောင်းကုန်း ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော ကျေးရွာရေရှိရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်ပြည်သူ့သမ္မ တနိုင်ငံသံရုံး၊ စီးပွားရေးရာသံမှူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုမှတ်တမ်းတင် ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး၊ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိရာတွင် “ကျေးလက်သောက်သုံး ရေရရှိရေးလုပ်ငန်း” ဟာ အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး၊ နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောင်ရွက်နေရုံသာမက နိုင်ငံတကာထောက်ပံ့ရန် ပုံငွေများဖြင့်လည်း ဆောင်ရွက်လျက်ရှိရာ ယခုစီမံကိန်းဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းကုန်းမြို့နယ် ပေါက်ဆိန်ပဲ့ကျေးရွာ၊ မြောင်းမြမြို့နယ် ချောင်းလေးကျေးရွာ၊ ဒေးဒရဲမြို့နယ် ဘုရားချောင်းကျေးရွာတို့တွင် “ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း၏ လုပ်ငန်းများသည် ဆိုလာရေတင်စနစ် ဆောင်ရွက်ခြင်း၊ ရေသန့်စင်စနစ်ဆောင်ရွက်ခြင်း၊ ရေစက်ရုံနဲ့ ဂါလံ(၅၀၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်းအပြင် ရေအရည်အသွေးကို ထိန်းသိမ်းနိုင်ပြီး သန့်ရှင်းသည့် သောက်သုံးရေကို ဖြန့်နိုင်သည့် အိမ်သွယ်ရေတိုင်စနစ်ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာသူ/သားများအတွက် ကျန်းမာသန့်ရှင်းသော သောက်သုံးရေ ရရှိလာစေပြီး၊ ကျေးရွာသူ/သားများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူးရရှိစေနိုင်သည့်အပြင် အိမ်သွယ်ရေတိုင်တပ်ဆင်ခြင်းအားဖြင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးလာပြီး ကျေးရွာရှိမိသားစုဝင်အားလုံး၏ ထွက်ငွေကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခု “ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း" သည် ဧရာဝတီတိုင်းဒေသကြီးရဲ့ အောင်မြင်မှုအသီးအပွင့်များထဲက တစ်ခုဖြစ်ပြီး စီမံကိန်းအောင် မြင်ဖို့ရန်အတွက် ကျေးရွာပြည်သူလူထုအပါအဝင် သက်ဆိုင်ရာဦးစီးဌာနများ၊ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးစီးသည့်အခါတွင် ယင်းလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရန်နှင့်နှစ်ရှည် လများအကျိုးခံစားခွင့်ရှိစေခြင်းသည် အရေးကြီးလှပါကြောင်း၊ ဆက်လက်ပြီး စီမံကိန်းလုပ်ငန်းခွဲများအား ရေရှည်သုံးစွဲ လည်ပတ်နိုင်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေးအစီ အစဉ်များ၊ ရန်ပုံငွေထားရှိရေးအစီအစဉ်များကို စနစ်တကျဆောင်ရွက်ထားရှိပြီး လိုအပ်သည့် အခက်အခဲများရှိပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြကြရန်နှင့် တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း စီမံကိန်းမှဆောင်ရွက်ခဲ့သော ရေရရှိရေး စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ လည်ပတ်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များတွင် လိုအပ်သလို ထိရောက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျေးရွာသူ/သားများအပါအဝင် သက်ဆိုင်သူအားလုံးမှလည်း ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာကဏ္ဍမှာ ရေရှည်တည်တံ့သည့် ရေအသုံးချမှုဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း” အဖွင့်အမှာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးရာ သံမှူးက “ရပ်ရွာရေသန့်စင်စနစ်နှင့်ရေပေးရေးကွန် ရက်တည်ဆောက်ရေး” စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို တက်ရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်ပါကြောင်း၊ ယခုတစ်ခေါက်သည် မိမိအနေဖြင့် ဧရာဝတီတိုင်းကို မဲခေါင်-လန်ချန်း ပူးပေါင်းမှုပထမအကြိမ် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်ကို ကျေးရွာနေပြည်သူများ ခံစားခွင့်ရထားသည့်အတွက် မိမိအနေဖြင့် အလွန်ဝမ်းသာမိပါကြောင်းနှင့် သံရုံးကိုကိုယ်စားပြုပြီး ယခုစီမံကိန်းပြီးစီးခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ စီမံကိန်းအတွက် ပူးပေါင်းဆောင် ရွက်ခဲ့ကြသည့် တရုတ်-မြန်မာနှစ်နိုင်ငံမှ ရင်းနှီးဖော်ရွေသည့် ပုဂ္ဂိုလ်များအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း” အမှာစကားများပြော ကြားခဲ့သည်။ ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာနအနေနဲ့. ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့များ၏ ရန်ပုံငွေများဖြင့်သာမကပဲ နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ၊ အထောက် အပံ့များကို ရယူ၍လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဒီဇိုင်းနှင့် အဆိုပြုလွှာရေးဆွဲပြုစုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်တင်ပြခဲ့ရာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများအတွက် ရန်ပုံငွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း” ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ၊ မြောင်းမြမြို့နယ် ချောင်းလေးကျေးရွာနှင့် ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အိမ်ခြေ(၁၃၄) အိမ်၊ လူဦးရေ (၅၄၀၀)ကျော်ကို အကျိုးပြုစေမည်ဖြစ်ပါကြောင်း” ပြောကြားပြီးနောက် စီမံကိန်းဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အရ စီမံကိန်းပြီးမြောက်အောင်ခြင်း အထိမ်းအမှတ် ကမ္ဗည်းကြေးပြားအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးရာသံမှူးနှင့် ဒုတိယဝန်ကြီးတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြသည်။ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)