ရန်ကုန်၊ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၉)ရပ်ကွက်၊ ပဏ္ဍိတာရာမ စာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေလာသ အရှင်မြတ်အား နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်း ဂုဏပူဇာမင်္ဂလာအခမ်းအနား အား ပဏ္ဍိတာရာမ ကျောင်းတိုက်အတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအား နမောတဿ (သုံး)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ဘွဲ့ရဆရာတော်ဖြစ်သော ပဏ္ဍိတာရာမဆရာတော် ဘဒ္ဒန္တကေလာသ ဆရာတော်ဘုရားထံမှ တပည့်ဒကာ၊ ဒကာမ အပေါင်း တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဒဂုံ (တောင်ပိုင်း) ဆရာတော် အရှင်သူမြတ်က ဩဝါဒကထာချီးမြှင့်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်ချီးမြှင့် ရွတ်ဖတ်ခဲ့ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း လျှောက်ထားခဲ့ပြီး ဘွဲ့ရဆရာတော်အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်အောင်လက်မှတ် ဆက်ကပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ဆက်ကပ်လှူဒါန်းအပ်သော ဘွဲ့ရဓါတ်ပုံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သူရွှေက လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးမှ ဆက်ကပ် လှူဒါန်းအပ်သော သင်္ကန်းဒွိစုံနှင့် အဆောင်ယောင် ယပ်တောင်ကို အဖွဲ့ဝင်(၂) ဦးကျော်မိုးကြည်က လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ သာသနာရေးမှူးရုံးမှ ပေးပို့အပ်သော ဝမ်းမြောက် ဂုဏ်ယူကြောင်းသဝဏ်လွှာကို မြို့နယ်သာသနာရေးမှူး ဦးအေးကျော်ကလည်းကောင်း ရေကြောင်း ကုန်းကြောင်း အခမဲ့ကြွရောက်နိုင်မှုအတွက် လှူဒါန်းထားသော မှတ်တမ်းလွှာနှင့် အဆောင်အယောင်ဖြစ်သော ဘွဲ့တံဆိပ်တုံးသေတ္တာတို့အား တာဝန်ရှိသူများက အသီးသီး ဆက်ကပ် လှူဒါန်းပေးခဲ့သည်။ ဆက်လက်ပြီး အနုပညာရှင်များက စုံတူပဏာချီပူဇော်မည် အမည်ရှိ ရှစ်ဆယ် ပေါ်တေးထပ်၊ ဓမ္မာရုံဝတ်အသင်းမှ ရှစ်လုံးဖွဲ့ကဗျာများနှင့် တိုင်းမြတ်ဇေယျာ မင်္ဂလာရတုပိုဒ်စုံဖြင့် ဂုဏ်ပြု ပူဇော်ခဲ့ကြပြီး ဒကာဒကာမအပေါင်းတို့က ဘွဲ့ရဆရာတော်နှင့် ဆရာတော်သံဃာတော် များနှင့် သီလရှင်ဆရာကြီးဆရာလေးတို့အား လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းကာ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အောင်သုခပရိယတ္တိစာသင်တိုက် ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူမောင်မောင်
#News
No comments:
Post a Comment