နေပြည်တော် မတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတို့အား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစိစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ၂၀၁၇ ခုနှစ်တွင် ပေးအပ်ချီးမြှင့်ခဲ့တဲ့ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု (ASEAN Environmental Sustainable Cites Award) ကို ရရှိထားသည့်အားလျော်စွာ အစိမ်းရောင်မြို့တော်များ အင်္ဂါရပ်နှင့်အညီ သန့်စင်သောလေရရှိမှု၊ သန့်ရှင်းသောရေ ထောက်ပံ့ ပေးနိုင်မှု၊ ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အလေ့အထများ စသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံစံနှုန်းများ ပြည့်မီအောင် အလေးထားလိုက်နာဆောင်ရွက်သင့်တဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တစ်ဖက်မှာလည်း ဖွံ့ဖြိုးမှုနှင့်အတူ ယှဉ်တွဲပါရှိလာတတ်သည့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားစွ ထိခိုက်စေနိုင်မှုများကို ရှောင်ရှားရန်၊ အနည်းဆုံးဖြစ်စေရန်၊ လျှော့ချရန်တို့အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုများကို အထူးအလေးပေးပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့နေရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှုလျော့ချရေးလုပ်ငန်းတွေကို အခြေခံလိုအပ်ချက်တစ်ခုအဖြစ် ပေါင်းစပ်ဆောင်ရွက်သွားကြဖို့နဲ့ အဲ့ဒီလို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများစသည့် အားလုံးသော အလွှာအသီးသီးမှ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းသော မြို့၊ နေရာဒေသ (စံပြကျေးရွာ)၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ဆုစိစစ်ရွေးချယ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂ဝ၂၃ ခုနှစ်၊ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော “မြို့”တွင် ပထမဆုရရှိသော ဇမ္ဗူသီရိမြို့နယ်နှင့် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော “စံပြကျေးရွာ”တွင် ပထမဆုရရှိသော လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းစံပြကျေးရွာတို့၏ ပြိုင်ပွဲဝင် Video Clip များအား ပြသခဲ့ပြီး တက်ရောက်လာကြသည့် ဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်ဌာနများက ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment