ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး



နေပြည်တော်၊ မတ် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ မတ် ၂၆ ရက်က ဆိုချီမြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မတ် ၂၆ ရက် နံနက်ပိုင်းတွင် Advanced Training for Generation IV NPP Personnel: Driver for sustainable deve-lopment စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Proryv’s Sirius Robotics Training and Experimental Center သို့သွားရောက်၍ ဆန်းသစ်တီထွင် ထုတ်လုပ်ထားသည့် နည်းပညာမြင့်စက်ရုပ်များ၊ ဘက်စုံသုံးနှင့် သယ်ယူပို့ဆောင်ရေးစက်ရုပ်များ၊ စက်ပစ္စည်းများအားလုံးကို စက်များဖြင့် ဝန်ဆောင်မှုပေးနိုင်သော အပြန်အလှန်လဲလှယ်နိုင်သော module များဖြင့် မောင်းသူမဲ့ထုတ်လုပ်မှုအတွက် ဒီဇိုင်းထုတ်ထားမှုများကို ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် nuclear infrastructure: Drivers of Nuclear Projects ခေါင်းစဉ်ဖြင့် Sirius Park of Science and Art ၌ ကျင်းပသည့် ဆွေးနွေးပွဲသို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်အနေဖြင့် တက်ရောက်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် နျူကလီးယားစွမ်းအင်သည် အနာဂတ်ကို ပုံဖော်ရန်အတွက် အလားအလာရှိသည့် သန့်ရှင်းပြီး ရေရှည်တည်တံ့သော စွမ်းအင်၏ မရှိမဖြစ်လိုအပ်သည့်အရင်းအမြစ်ဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် နျူကလီးယားစွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝသာယာဝပြောရေးကို မြှင့်တင်ရာတွင် များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့ခိုင်မြဲသော နျူကလီးယားစွမ်းအင်အစီအစဉ်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ဂရုတစိုက်စီစဉ်၍ ပြင်ဆင်ထားရမည်ဖြစ်ပြီး ရေရှည်ကတိ ကဝတ်များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် နျူကလီးယားအခြေခံအဆောက်အအုံများ တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီ၏ အကူအညီကို ရယူလိုကြောင်း၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနယ်ပယ်တွင် ရုရှားဖက်ဒရယ် ပတ်ဝန်းကျင်၊ စက်မှုနှင့်နျူကလီးယားကြီးကြပ်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မြန်မာနိုင်ငံသည် အဏုမြူစွမ်းအင်ဆိုင်ရာ အာဆီယံကွန်ရက် (ASEANOM) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

နျူကလီးယားအခြေခံ အဆောက်အအုံသည် နျူကလီးယားစက်ရုံများ ဘေးကင်းလုံခြုံစွာ လည်ပတ်ရန်အတွက် လိုအပ်သော တရားဝင်စည်းမျဉ်းစည်းကမ်း၊ နည်းပညာနှင့် လူသားအရင်းအမြစ် စွမ်းရည်များကို ပံ့ပိုးပေးသည့် မည်သည့်နျူကလီးယား စီမံကိန်းအတွက်မဆို အရေးပါသည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ATOM EXPO 2024 FORUM တက်ရောက်စဉ် မတ် ၂၅ ရက်က ရုရှားနိုင်ငံ 24 RUSSIA မီဒီယာကို လက်ခံတွေ့ဆုံပြီး ကမ္ဘာကြီးနှင့် အနာဂတ်မျိုးဆက်များ၏ လုံခြုံသော ဘဝအတွက် ကမ္ဘာလုံးဆိုင်ရာ "net zero emission program” ကို အောင်မြင်စေရန် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော နျူကလီးယားနည်းပညာများ အသုံးပြုခြင်း၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် နျူကလီးယားစွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝသာယာဝပြောရေးကို မြှင့်တင်ရာတွင် များစွာအထောက်အကူဖြစ်စေခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) က ချမှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျည်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေးအလေးပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ (Nuclear Infrastructure) နျူကလီးယားအခြေခံအဆောက်အအုံ တိုးတက်ရေးဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုများပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)