(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးတခွီး-ရွှေပြည်တောင် ကွန်ကရစ် လမ်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးတခွီး-ရွှေပြည်တောင် ကွန်ကရစ် လမ်းဖွင့်လှစ်

 



ဘားအံ မတ် ၂၇

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ်(၁၈၅ဒဿမ၀၅၉)သန်းဖြင့်ဆောင်ရွက်သော မူးတခွီး-ရွှေပြည်တောင်ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ် ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်လမ်းသည် အရှည် (၁မိုင်၀ဒဿမ၃ဖာလုံ) ရှိပြီး အကျယ်(၁၂)ပေ(၆)လက်မထု ကွန်ကရစ်လမ်းဖြစ်ပြီး လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များကို မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထား ကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ခေတ်မီသည့်စံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ကျေးရွာတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ အဆိုပါအဖွဲ့များ အားဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ကွန်ကရစ် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမည အောင်တော်မူဆုတောင်းပြည့်စေတီတော် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သာမညကျေးရွာအုပ်စုအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများအတွက် ထိုင်းနိုင်ငံမှကူညီထောက်ပံ့ပေးသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို အဆိုပါ စေတီတော်ပရိဝုဏ်အတွင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး မိမိတို့နေရပ်ကိုစွန့်ခွာ၍ ယာယီပြောင်းရွေ့နေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးကိုဂရုစိုက်ကြရန် တိုက်တွန်းလိုကြောင်း၊ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နားလည်မှုရှိရှိဖြင့် နေထိုင်ကြစေလိုပြီး သာသနာ့နယ်မြေဖြစ်သည့်အတွက် ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒစကားကိုနာခံ၍ ကျန်းကျန်း မာမာနေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ KNU ဘားအံခရိုင်နှင့် နယ်ခြားစောင့်တပ်တို့မှ တာဝန်ရှိသူများက နေရပ်စွန့်ခွာအိမ်ထောင်စုတစ်စုလျှင် စားသောက်ကုန်တစ်ထုပ် နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သွေးလှူဘဏ်ဌာန၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား ကြက်ဥ၊ အချိုရည်အစရှိသော အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  MFF “D” လိုင်စင်ဘောလုံး နည်းပြသင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ လူငယ်ရေးရာကော်မတီရုံးခန်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်က ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဘောလုံးနည်းပြသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၄)ဦးတို့ကို မတ်လ (၂၂)ရက်နေ့မှ(၂၅)ရက်နေ့ထိ သင်တန်းကာလ (၄)ရက် တာကာလအတွင်း ဘောလုံးအားကစားနည်းနှင့်ပတ်သက်ဆက်နွယ်သည့်နည်း စနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်းနှင့်နည်းဥပဒေပိုင်းတို့ကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘောလုံးနှင့်ပတ်သက်သည့်ပညာရပ်များကို မိမိတို့၏ဒေသတွင် ပြန်လည်မျှဝေ ဖြန့်ဖြူးပေးသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ်၊ ခြံကလေးကျေးရွာ၊ ခြံကလေးအောင်ရတနာကျောင်း၌ ကျင်းပ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ခြံကလေးအောင်ရတနာကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများစက်မှု လယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးရည်ရွယ်ပြီး စက်ကိရိယာများအလွယ်တကူဝင်/ထွက် အသုံးပြုနိုင်သော ကုန်ထုတ်လမ်းများ ပါဝင်သည့်လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးနေသကဲ့သို့ အရည်အသွေးကောင်း လယ်ယာသုံးစက်ကိရိယာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစားလုပ်ကိုင်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပလျက်ရှိရာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် BGF ဘောလုံးအသင်းက ၁၀ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)