တာချီလိတ် မတ် ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိရာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့မွန်းလွဲ ၃ နာရီက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ ယနေ့နံနက်တိုင်းတာချက်အရ တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ ခရမ်းရောင်အဆင့်ဖြစ်ပြီး၊ လေထုထဲတွင် လူကိုအန္တရာယ်ဖြစ်စေတတ်သော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုက်များ အနည်းငယ်ရောနှောပါဝင်နေ၍ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
သို့ဖြစ်ပါ၍ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ရန်၊ မဖြစ်မနေအပြင်ထွက်ရန် လိုအပ်ပါက နှာခေါင်းစည်း Mask များ တပ်ဆင်ကြပါရန်နှင့် မျက်စိစပ်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာပါက လက်ဖြင့်ပွတ်ခြင်းများ မပြုလုပ်ပဲ သန့်စင်သော ရေစိုဝတ်သုတ်ခြင်း၊ သန့်ရှင်းသောရေဖြင့် ဆေးကြောခြင်းပြုလုပ်ရန်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာများ ခံစားလာရပါက နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ကြပါရန် အကြံပြုအသိပေးနိူးဆော်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာ တာချီလိတ်မြို့၏ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မီးသတ်ကားများဖြင့် ရေဖြန်းခြင်း၊ မဖြစ်မနေ Mask များ တပ်ဆင်ရန် အသိပညာပေး နိူးဆော်ခြင်း၊ Maskများ အခမဲ့ဖြန့်ဝေခြင်း၊ မီးခိုးမြူငွေ့အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးလတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment