သထုံ မတ် ၁၁
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့၊ နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ နွေရာသီမြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်တို့ကို ရည်ရွယ်ကာ မြန်မာ့သိုင်းသင်တန်းကို စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်လှိုင်က သထုံခရိုင်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားစားသင်တန်း ဖွင့်လှစ်ပေးနေမှုများနှင့် မြန်မာ့သိုင်းသင်တန်းပို့ချပေးမည့် အစီအစဉ်များ၊ ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၃၀) ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံမြန်မာ့သိုင်းပညာများဖြစ်သည့် ခေါင်း (၄) ချက်၊ လက်သီး (၆) ချက်၊ လက်ဝါးစောင်း (၆) ချက်၊ လက်ဖနောင့် (၄) ချက်၊ လက်ဖျံ (၈) ချက်၊ တံတောင် (၈) ချက်၊ ဒူး (၄) ချက်၊ ခြေ (၈) ချက်၊ ယိမ်းယိုင် ဘယ်ညာ (၂) ချက်၊ လက်စုံ (၁၃) ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ တစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment